ကလေးငယ်တွေနဲ့ အတူ ဂန်းနားစတိုင် ပုံစံ ကခုန်ခဲ့တဲ့ ဗြိတိန်မင်းသား ဟယ်ရီ

ပို့စ်တင်ချိန် - 7/01/2014 04:31:00 PM



ချီလီနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဗြိတိန်တော်ဝင် မင်းသား ဟယ်ရီဟာ ကလေးငယ်တွေနဲ့ အတူ ဂန်းနားစတိုင် ပုံစံကို ပျော်ရွှင်စွာ ကခုန်မှုပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ပျိုမေတွေရဲ့ အသည်းစွဲမင်းသား ဟယ်ရီ ဟာ လူငယ်တစ်ဦး ဖြစ်တာနဲ့အညီ နိုက်ခ်ကလပ် တွေမှာ ပျော်ရွှင်ခဲ့ဖူးတဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ပေါ်ထွက်ခဲ့ပေမယ့် လူမှုရေး ကိစ္စတွေကိုတော့ အားတက်သရော ဆောင်ရွက်ခဲ့ပါတယ်။ သေဆုံးသွားပြီ ဖြစ်တဲ့ မိခင်ဖြစ်သူ ဒိုင်ယာနာရဲ့အမွေကို ဆက်ခံခဲ့သူပီပီ မင်းသားဟယ်ရီဟာ လူမှုအကျိုးပြု ကိစ္စတွေကို မရပ်မနား ဆောင်ရွက် ခဲ့ပါတယ်။ မင်းသားဟယ်ရီဟာ အင်္ဂလန်ဘောလုံး အသင်းကို အားပေးဖို့ ဘရာဇီးနိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန် ဘောလုံးအသင်းဟာ အုပ်စုအဆင့် ကနေ ထွက် လိုက်ရတာမို့ မင်းသားဟယ်ရီဟာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်မှုပြုလုပ် ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ရှိနေစဉ် အတောအတွင်း ဆင်းရဲတဲ့နေ ရာဒေသတွေကို သွားရောက် လေ့လာခဲ့ပြီး အားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ချီလီနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဆန်တီယာဂိုမြို့ကို ရောက်ရှိစဉ် အတွင်း နေ့ကလေးထိန်းကျောင်း ကို သွားရောက် ခဲ့ပါတယ်။ အဲဒီကျောင်းမှာ မင်းသား ဟယ်ရီဟာ ကလေးငယ် တွေနဲ့ ရင်းနှီးစွာ နေထိုင်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ရရှိထားပြီး မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်တစ်ဦး နဲ့အတူ ဂန်းနားစတိုင် ပုံစံကို ကခုန်မှု ပြုလုပ်ခဲ့ပါတယ်။ မင်းသား ဟယ်ရီရဲ့ပုံစံဟာ တက်ကြွနေတာမို့ မီဒီယာတွေရဲ့ ချီးကျူးမှု ကို ခံခဲ့ရပါတယ်။ မင်းသားဟယ်ရီဟာ ကလေးငယ်တွေနဲ့ အတူ စကားအပြန်အလှန် ပြောဆိုခဲ့ပါတယ်။ ကလေးမိဘတွေ ကလည်း မင်းသားဟယ်ရီကို နွေးထွေးစွာ ကြိုဆိုခဲ့ကြ ပါတယ်။ မင်းသားက မြေပြိုကျမှုကြောင့် အိုးမဲ့အိမ့်ဖြစ်ခဲ့တဲ့ နေရာကိုလည်း သွားရောက်ခဲ့ပြီး အားပေးစကား ပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့ တော်ဝင်မင်းသား တစ်ဦးဖြစ်နေပေမယ့် လူမှုအကျိုးပြု လုပ်ငန်းတွေကို မိခင် ဒိုင်ယာနာလို အားတက်သရော ဆောင်ရွက်ခဲ့တဲ့ ဟယ်ရီရဲ့ လုပ်ရပ်ကတော့ ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။

Messenger