ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ဆီးရီးယားသမ္မတ ကြေညာ

ပို့စ်တင်ချိန် - 6/05/2014 07:46:00 PM

ဆီးရီးယားပြည်တွင်းစစ်မြင်ကွင်းတစ်ခု

ပြည်တွင်းစစ်မီး တောက်လောင်နေပြီး သူပုန်များနှင့် အကြိတ်အနယ် တိုက်ခိုက်ခံနေရသည့်တိုင် မဲရလဒ် အပြတ်အသတ်ဖြင့် ရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်က ကြေညာခဲ့သည်။ အင်္ဂါနေ့က ပြုလုပ်သည့် ရွေးကောက်ပွဲ မဲပေးမှု ရလဒ်များကို ကြေညာရာ အာဆက်ဒ်သည် မဲအရေအတွက် (၈၈.၇)ရာခိုင်နှုန်းထိ ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း မဲကောက်ခံမှုများကို အစိုးရက ထိန်းချုပ်ထားသည့် ဒေသများတွင်သာ ပြုလုပ်ခဲ့ပြီး သူပုန်တပ်များ သိမ်းပိုက်ထားသည့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများမှ ပြည်သူများကမူ မဲပေးခွင့် မရခဲ့ချေ။

အာဆက်ဒ်အား ထောက်ခံသူများက ၎င်း၏ပိုစတာများကို ပြင်ဆင်နေစဉ်

ဆီးရီးယား ပြည်တွင်းစစ်သည် (၃)နှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ထောင်နှင့်သောင်းနှင့်ချီ သေဆုံးခဲ့သလို သန်းပေါင်း အတော်များများ နေရပ်မှ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ယခုရွေးကောက်ပွဲတွင် အာဆက်ဒ်ကို အဓိက စိန်ခေါ်သည့် ဟာဆန်အယ်လ်နူရီနှင့် မဟာဟာဂျားတို့ နှစ်ဦးသည် မဲအရေအတွက် (၄.၃)နှင့် (၃.၂)ရာခိုင်နှုန်းစီသာ ရရှိခဲ့ကြောင်း သိရှိရသည်။ အာဆက် မိသားစု ပြင်ပမှ သမ္မတလောင်းများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှုမှာ ဆယ်စုနှစ်များအတွင်း ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။

အတိုက်အခံများက ယခုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရိုးသားမှု မရှိကြောင်း စွပ်စွဲနေသလို အနောက်အုပ်စု မဟာမိတ်များကလည်း ပြည်တွင်းစစ်တွင် အစိုးရ ထိန်းချုပ်ထားသည့် ဒေသများ၌ ကန့်သတ်ပြုလုပ်သော မဲကောက်ခံမှုများမှာ အဓိပ္ပါယ် မရှိကြောင်း ဝေဖန်ခဲ့သည်။ ဆီးရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကမူ မဲပေးခွင့်ရှိသူ (၁၅.၈၅)သန်းအနက် စုစုပေါင်း (၁၁.၆၃)သန်းက မဲပေးခဲ့ကြောင်း ကြေညာသည်။ ဆီးရီးယား အစိုးရသည် ပြီးခဲ့သည့် လပိုင်းများအတွင်း သူပုန်တို့အပေါ် စစ်ရေးအရ သိသိသာသာ အသာစီး ရရှိလာပြီး ယခုကဲ့သို့ ရွေးကောက်ပွဲ ရလဒ်မျိုး ထွက်ပေါ်လာခြင်းကြောင့် နိုင်ငံရေးအင်အား ပိုမိုတွင်ကျယ်တောင့်တင်းလာဖွယ် ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar Network