အဆိုတော် Dယံ ငွေကြေးမတတ်နိုင်သူများကို အယ်ဘမ်ထုတ်ပေးမည်

ပို့စ်တင်ချိန် - 6/05/2014 08:11:00 PM


မိုးသူ

အဆိုတော် Dယံကမြန်မာနိုင်ငံ အတွင်းရှိ အဆိုဝါသနာရှင် ၁ဝဦးကို ရွေးချယ်ပြီး အော်ဒီယို အယ်ဘမ် တစ်ခွေကို ထုတ်ဝေပေးမည်ဖြစ်သည်။ ယင်းအဆိုဝါသနာရှင်များသည် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦးကို ရွေးချယ်သွားမည်ဟု အဆိုတော် ဒီယံက မဇ္စျိမကိုပြောသည်။

“Dယံတ င်ပေးလိုက်တဲ့ အဆိုတော်က ရုပ်မမြင်ရသေးဘူး။ အသံကြားတာနဲ့ တော်တော်ကောင်းတယ် ဆိုတာဘဲ လိုချင်တာပါ။ ကိုလေးဖြူ စပေါ်တုန်းကဆိုရင် အသံဘဲ ကြားရတယ်။ ရုပ်မမြင်ရသေးဘူး။ ပရိသတ်တွေ သဘောကျကြတယ်။ ကျွန်တော်လည်း ချမ်းသာတာ မဟုတ်တော့ အဆိုရှင်တွေဆီက ငွေကြေး အနည်းငယ်သာ ကောက်ခံမှာပါ။ ဒါပေမယ့် မတတ်နိုင်ရင်တော့ မကောက်ခံပါဘူး။” ဟု၎င်း ကပြောသည်။

အဆိုတော်ဒီယံသည် အသံပါရမီရှိပြီး ငွေကြေးမတတ်နိုင်သည့် သူများကို ရည်ရွယ် ဖော်ထုတ်ခြင်းဖြစ် ပြီး အဆိုဝါသနာရှင်များ အနေဖြင့် ဇွန်လမှစတင်ကာ ၎င်းထံသို့ ဖုန်းဆက် စာရင်းသွင်း ပေးနိုင်သည်။ ၎င်းအနေဖြင့် ဆက်သွယ်လာသည့် အဆိုဝါသနာရှင်များကို လိုချင်သည့် အတိုင်းအတာအထိ ရောက် ရှိမှသာ Pro-studio တွင် တစ်ယောက်လျင် သုံးပုဒ်ခန့် သီချင်းသီဆို ယှဉ်ပြိုင်ခိုင်းမည်ဖြစ် ပြီး ၎င်းယှဉ်ပြိုင်သည့် အဆိုရှင်များ ထဲမှ အနှစ်သက်ဆုံး အဆိုရှင် ၁ဝဦးကို ရွေးချယ်မည်ဖြစ်သည်။

လာရောက် လျောက်ထားသည့် အဆိုရှင်များ၏ သီဆိုမှုကို အဆိုတော်ဒီယံ တစ်ဦးတည်းသာ အသံ စစ်ဆေး ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသည့် အဆို ဝါသနာရှင် ၁ဝဦးကို တစ်ပတ်လျင် သုံးရက် ၊ စုစုပေါင်း ၉ ရက် ဖြင့် သုံးပတ်အကြာ အသံပိုင်းဆိုင်ရာ သင်တန်းပေး သွားမည်ဖြစ်သည်။

အဆိုတော် ဒီယံအနေဖြင့် ရွေးချယ်ထားသည့် အဆိုရှင်များ အဆိုသင်တန်းပေးပြီး အယ်ဘမ် ထုတ်ပေးမည်ဖြစ်ရာ ငွေကြေး တတ်နိုင်သည့် အဆိုရှင်များထံမှ အယ်ဘမ်ထုတ်ရန် ငွေကြေးကောက်ခံ သွားမည်ဖြစ်သလို မတတ်နိုင်ပါက ကောက်ခံသွားမည် မဟုတ်ဟုပြောသည်။

အဆိုတော်ဒီယံစီစဉ်သည့် အယ်ဘမ်တွင် ပါဝင်မည့် သီချင်းများသည် ၎င်းကိုယ်တိုင် ရေးသား တီးခတ် ထားသည့် သီချင်းများကို သီဆို ခိုင်းမည်ဖြစ်ပြီး ယင်းသီချင်း များကိုလည်း အွန်လိုင်းပေါ်၌ ဖြန့်ချိပေး သွားမည်ဖြစ်သည်။

တေးရေး ၊ အဆိုတော် Dယံ သည် ၁၉၉၄ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် ဂူဂူးနာမည်ဖြင့် တေး သီချင်း များ ရေးသား ခဲ့ပြီး ဂီတလောကတွင် ရပ်တည်လာခဲ့ကာ ၂ဝဝ၄ ခုနှစ်တွင် Dယံ နာမည် ကို ပြောင်းလဲ ခဲ့သူဖြစ်သည်။ ၎င်းသည် စိုးရိမ် ရတာပေါ့ ၊ ပတ်သက်ခွင့်ပြုပါ၊ ယောကျာင်္း ယောကျာင်္း စသည့် သီချင်းများဖြင့် ပရိတ်သတ်များ သိရှိလာခဲ့သူဖြစ်သည်။

Mizzima Burmese