NLD က မြေကွက်နဲ့ ကားပါမစ် ယူမှာမဟုတ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 6/05/2014 10:17:00 AM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင် က နိုင်ငံတော်သမ္မတထံတင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာမဟုတ်ဘူး လို့ ပြောကြားလိုက်ပါတယ်။ RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီလို ကားပါမစ်တွေ မြေကွက်တွေဘာတွေ ဒီလိုအချိန်မှာလည်း မလိုချင်ပါဘူး၊ အခုပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကျမတို့ပါတီအနေ နဲ့ ဒီလိုမြေကွက်တွေလည်း အလကားမယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မလိုပါဘူး"

ဒ့ါအပြင် ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF  က အမေရိကန် ဒေါ်လာ ၉ သောင်း နီးပါးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါ်လာ ၈ သောင်းနီးပါး ရုံးခန်းဌားရန်းခအဖြစ် လစဉ်သုံးစွဲနေတာဟာ အင်မ တန်များပြားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

"တော်ရုံတန်ရုံ လစာပဲပေးသင့်တယ် လို့ထင်တယ်၊ ဒါပေမဲ့လည်း အိမ်လခတွေ အရမ်းတက်တာပဲ အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာ ပြီးတော့ ဒီအဖွဲ့အစည်းတွေက ဒီလောက်လခပေးရတဲ့ရုံးတွေ လိုတယ်မလိုတယ်ဆိုတာကတော့ အဖွဲ့အစည်းချင်း တစ်ခုရဲ့ လုပ်ရပ်ပေါ်မှာ ကြည့်ပြီတော့ သုံးသပ် ရမှာပေါ့"

တဆက်တည်းမှာပဲ နိုင်ငံတဝန်းရှိကလေးသူငယ်တွေ အခမဲ့ပညာသင်ကြားခွင့်ရစေလိုကြောင်း၊ ဒါပေမယ့် နိုင်ငံမှာ ဘဏ္ဏာရေးတောင့်တင်းမှ အဲဒီလိုဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် ကပြော ပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese