အိမ်သာသုံး စက္ကူများဖြင့် ဖန်တီးချုပ်လုပ်ထားသည့် မင်္ဂလာသတို့သမီးဝတ်စုံ

ပို့စ်တင်ချိန် - 6/05/2014 07:05:00 PM


ဝတ်စုံတစ်ခုလုံး အိမ်သာသုံးစက္ကူ သက်သက်ဖြင့်သာ ချုပ်လုပ်ထားပြီး ရှေ့ဘက်တွင် အလှဆင်ထားသည့် ရွှေမှုန်အနည်းငယ်ကိုသာ ကော်ဖြင့်ကပ်ထားခြင်းဟု အိုလီဗီရာက ရှင်းပြခဲ့သည်။
အိမ်သာသုံး စက္ကူများဖြင့် ဖန်တီးချုပ်လုပ်ထားသည့် မင်္ဂလာသတို့သမီးဝတ်စုံ
အိုလီဗီရာ မီရာစ်သည် အနုပညာ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသည် အလွန်လှပသည့် မင်္ဂလာဝတ်စုံ တစ်ထည်ကို အားတက်သရော ကြိုးစားဖန်တီးခဲ့သည်။ မြင်သူတကာ အမျိုးသမီးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လောက်အောင် ညှို့ဆောင်နိုင်သည့် ယင်းမင်္ဂလာဝတ်စုံသည် အမှန်တကယ် မင်္ဂလာ အခမ်းအနားတစ်ခုတွင်မူ ဝတ်ဆင်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဖြူလွလှပနေသည့် ဝတ်စုံတစ်ခုလုံးအား အိမ်သာသုံး တစ်ရှူးစက္ကူများဖြင့် ဖန်တီးချုပ်လုပ်ထားခြင်းကြောင့်သာ ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ မြောက်ပိုင်း ကာရိုလိုင်းနားရှိ အက်ရှ်ဗီးလ်တွင် နေထိုင်သော အိုလီဗီရာသည် အပျော်တမ်း ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ဈေးပေါသော အိမ်သာသုံးစက္ကူဖြင့် သတို့သမီးဝတ်စုံ ချုပ်လုပ်မှု ပြိုင်ပွဲအကြောင်း ကြားသိသွားခဲ့သည်။ ထို့နောက်တွင်မူ အိမ်သာသုံးစက္ကူ (၁၁)လိပ်၊ ကပ်ခွာတိပ်အကြည် ပေ(၁၀၀)မျှနှင့် ကော်အနည်းငယ်ကို အသုံးပြုကာ ယခုဝတ်စုံကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဝတ်စုံတစ်ခုလုံး အိမ်သာသုံးစက္ကူ သက်သက်ဖြင့်သာ ချုပ်လုပ်ထားပြီး ရှေ့ဘက်တွင် အလှဆင်ထားသည့် ရွှေမှုန်အနည်းငယ်ကိုသာ ကော်ဖြင့်ကပ်ထားခြင်းဟု အိုလီဗီရာက ရှင်းပြခဲ့သည်။

“Victoriaရဲ့ မင်္ဂလာပွဲတက် ဖက်ရှင်ဒီဇိုင်း တစ်ခုကို အခြေခံပြီး စမ်းကြည့်မယ်လို့ ကျွန်မဆုံးဖြတ်လိုက်တာပါ။ မင်္ဂလာဝတ်စုံမှာ အလွှာအထပ်ထပ်ကြီးတွေ၊ နှင်းဆီပန်းလို အပွင့်အခက်ကြီးတွေ ထည့်ပြီး ချုပ်ကြည့်မယ် ဆိုတာမျိုးပေါ့”ဟု သူမက ဆိုသည်။ အိုလီဗီရာက “ဒါပေမဲ့ ခေတ်နဲ့ ပိုပြီး လျော်ညီအောင် ဖန်တီးတဲ့ အနေနဲ့ အင်္ကျီလက်တွေကို ကျွန်မ ဖယ်ထုတ်ပစ်လိုက်တယ်။ ဝတ်စုံ အောက်ပိုင်းကိုလည်း သဘာဝအတိုင်း ခပ်ရှည်ရှည် တွဲကျနေအောင် လုပ်ထားလိုက်တယ်။ ဝတ်စုံရှေ့ပိုင်းကိုတော့ ခပ်တိုတို ဖန်တီးယူလိုက်ပါတယ်”ဟုလည်း ဆက်လက် ပြောကြားသွားသည်။

အိုလီဗီရာက သူမ၏ ဝတ်စုံအတွင်းပိုင်းတွင် ပါကင်ထုပ်သည့် တိပ်များဖြင့် ကပ်ကာ ပံ့ပိုးထားသဖြင့် အလွယ်တကူ စုတ်ပြဲသွားဖွယ် မရှိဟု မှတ်ချက်ပေးထားသည်။ သို့သော်လည်း မင်္ဂလာပွဲ တစ်ပွဲတွင် လက်တွေ့ဝတ်ဆင်ရန်မှာမူ စွန့်စားလွန်းရာ ရောက်နေကြောင်း သူမက ဝန်ခံခဲ့သည်။ “ကျွန်မရဲ့ ကြောင်လေးက ဝတ်စုံစမချုပ်ခင်မှာတင် စက္ကူတစ်လိပ်ကို တစ်စဆီ ဆွဲဖြဲပစ်လိုက်တယ်။ ဒီဝတ်စုံက ဓာတ်ပုံအရိုက်ခံဖို့ ဆိုတာလောက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တကယ့်ပွဲလမ်းသဘင်မှာ ဝတ်ဖို့ကတော့ နည်းနည်း ပြဿနာရှိနိုင်တယ်လေ”ဟု အိုလီဗီရာက မှတ်ချက်ပြုသွားသည်။

သူမက တစ်နေ့နေ့တွင် လော့စ်အန်ဂျလိစ်၌ အဝတ်အစားဖက်ရှင် ဒီဇိုင်နာ တစ်ဦးအဖြစ် အသက်မွေးလိုကြောင်း ဝန်ခံခဲ့သော်လည်း လတ်တလော စမ်းသပ်ချက်များမှာ ဝါသနာသက်သက်သာ ဖြစ်ကြောင်းလည်း ဆိုသည်။ “ခုချိန်မှာတော့ အနုပညာပိုင်းနဲ့ ပတ်သက်ပြီး သင်ယူနေရတာကိုပဲ ကျွန်မ သဘောကျပါတယ်။ လူငယ်လူရွယ်တွေက ကိုယ်ပိုင်စိတ်ကူးနဲ့ ထူးခြားတဲ့ အရာတစ်ခုခုကို ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ဥပမာ ကျွန်မရဲ့ လက်ရာကိုပဲ ကြည့်လေ”ဟု သူမက ပြောကြားသွားခဲ့သည်။

7day