Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးအား ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် ခန့်အပ်

ပို့စ်တင်ချိန် - 6/05/2014 09:27:00 AM



Korea Film Actor's Association (KAA) ၏ တာဝန်ရှိသူတစ်ဦးက မေမြတ်နိုးအား အဖွဲ့ဝင်အဖြစ် ခန့်အပ်လွှာပေးအပ်စဉ်
Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုးအား တောင်ကိုရီးယားနိုင်ငံရှိ Korea Film Actor's Association (KAA)က ၎င်းတို့၏အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

“KAA ရဲ့အဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် ကိုရီးယားမှာ သရုပ်ဆောင်အဖြစ် ရိုက်ကူးခွင့်လိုင်စင်ကို ပေးအပ်ခဲ့ပြီး သူတို့ဆီက အနုပညာလှုပ်ရှားမှုတွေမှာလည်း မေမြတ်နိုးအနေနဲ့ ပါဝင်ခွင့်ရရှိမှာပါ။ အခုဟိုမှာ နေ နေတဲ့ရက်အတွင်းမှာလည်း Commercial  Photo တွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးရပါတယ်။ နောက်ပိုင်းမှာလည်း သူတို့ဆီမှာ ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့် ရရှိမှာပါ”ဟု Miss Asia Pacific Myanmar Organization မှ National Director မလှနုထွန်းက ပြောပြသည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ မေ ၁၉ရက် မှ ၃၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Asia Pacific World 2014 ဆုအပါအဝင် Talent Show တွင်လည်း အကဲဖြတ်ဒိုင်များ နှင့် ပရိသတ်အကြိုက်ဆုံးဆု Popularity Award နှင့်Missosology Website က ပေးအပ်သည့် People Choice Award ကို လည်း မဲအရေအတွက်အများဆုံးဖြင့် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအလှမယ် မေမြတ်နိုးသည် ဇွန် ၅ ရက် ည ၁ဝ နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။  


သဲသီရိကျော်
news-eleven