မိုင်လီဆိုင်းရပ်စ်၏ ပျောက်ဆုံးနေသော မော်တော်ကား ပြန်လည်တွေ့ရှိ

ပို့စ်တင်ချိန် - 6/05/2014 08:09:00 PM


မိုင်လီဆိုင်းရပ်စ်၏ ပျောက်ဆုံးနေသော မော်တော်ကားကို အပျက်အစီး အထိအခိုက်မရှိ ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိုင်လီ၏နေအိမ် ဖောက်ထွင်းခံရပြီး Maserati Quattroporte မော်တော်ကားကို လူ(၂)ဦးက ခိုးယူသွားခဲ့သည်။ ကယ်လီဖိုးနီးယားရှိ နေအိမ်မှ ပျောက်ဆုံးသွားသည့် ဇိမ်ခံမော်တော်ကားကို ယခုအခါ ဆီမီဗယ်လီလမ်းတွင် ရပ်တန့်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ မော်တော်ကားတွင် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးနေမှု မရှိကြောင်းလည်း ဆိုသည်။ လတ်တလောတွင် စုံစမ်းမှုများ ဆက်လက် ပြုလုပ်နေပြီး မည်သူ့ကိုမျှ ဖမ်းဆီးထားမှု မရှိကြောင်းလည်း ရဲများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က CCTV ဗီဒီယို မှတ်တမ်းများကို လေ့လာကာ သူခိုးများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့နှစ်ဦးသည် နေအိမ်ရှိ ကားဂိုဒေါင်ကို ကျော်တက်ကာ ကားကို ခိုးထုတ်သွားခြင်း ဖြစ်သည်။ ထို့အပြင် မိုင်လီ၏ လက်ဝတ်ရတနာ အချို့လည်း ခိုးယူခံရကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မိုင်လီသည် လတ်တလောတွင် Bangerz ကမ္ဘာလှည့် ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဥရောပသို့ ရောက်ရှိနေသည်။ သူမသည် ဇူလိုင်လထိ အမေရိကန်သို့ ပြန်လာမည့် အခြေအနေ မရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network