နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုကို အရေးယူရန်ရှိ

ပို့စ်တင်ချိန် - 6/05/2014 07:22:00 PM

ဇွဲကပင်အသင်းနှင့်ပွဲစဉ်တွင် ထိုးဖောက်ကစားနေသည့်ကျော်ကိုကို

ရန်ကုန်- ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို၏ ဇွဲကပင်အသင်းနှင့် ပွဲစဉ်တွင်  ပြုလုပ်ခဲ့သော အပြုအမူနှင့်ပတ်သက်၍ အရေးယူရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။

ရန်ကုန်တိုက်စစ်မှူး ကျော် ကိုကိုမှာ ဇွဲကပင်အသင်းနှင့် သရေကျခဲ့သော ပွဲစဉ်တွင် ကျော်ကိုကိုကိုသည် နည်းပြက ကွင်းလယ်ကစားသမား ရန်အောင်ကျော်ဖြင့် လူစားလဲခြင်းကို မကျေနပ်သည့် အပြုအမူများ ပြုလုပ်ခဲ့ပြီး နည်းပြကို မချေမငံ ဆက်ဆံခဲ့ခြင်းကြောင့် နည်းပြက အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ကာ အရေးယူသွားမည်ဟုသိရသည်။

‘‘လူစားလဲလိုက်တာကို မကျေနပ်တဲ့အတွက် အခုလို ပြုမူခဲ့တာပါ။ ဒါဟာ ပရိုပီသတဲ့ အပြုအမူမဟုတ်ဘူး။ ကလပ်အသင်းပဲ ဖြစ်ဖြစ်၊ နိုင်ငံအသင်းပဲဖြစ်ဖြစ် အသင်းအောင်မြင်ဖို့အတွက် အရေးကြီးတယ်။ အသင်းမှာ ဘယ်ကစားသမားမှ ကလပ်အသင်းအထက်မှာ ရှိမနေပါဘူး။ အသင်းနိုင်ပွဲရရှိဖို့အတွက် ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်’’ဟု အဲရစ်ဝီလျံက ပြောသည်။

အဆိုပါ ပွဲစဉ်တွင် ရန်ကုန် အသင်းသည် ပထမပိုင်း နှစ်မိနစ်တွင် တိုက်စစ်မှူးဆီဆာက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီး ခါနီးမိနစ်ပိုင်းအလိုတွင် ဇွဲကပင် အသင်းက ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ပွဲတွင် အားပေးခဲ့ကြသည့် ရန်ကုန်အသင်း ပရိသတ်များအနေဖြင့် အသင်း၏ လက်ရှိအနေအထားကို လက်ခံ ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်အသင်းရှိ ကစားသမားများမှာ နိုင်ငံလက်ရွေးစင်ပွဲများတွင် သွားရောက်ကစားခဲ့ရပြီး ပင်ပန်းနေကြောင်း၊ ထို့ကြောင့် ရန်ကုန်အသင်းအနိုင် မရရှိသော ပွဲစဉ်များကို နားလည် ပေးနိုင်ရမည်ဖြစ်ကြောင်း ဇွဲက ပင်အသင်းနည်းပြ ဦးအောင်မင်း ဦးက ပြောသည်။

‘‘ရန်ကုန်အသင်းပရိသတ် တွေက အသင်းကို နိုင်စေချင်တဲ့ အတွက် အားပေးကြတာ မှန်ပေ မယ့် တစ်ဖက်အသင်းကို ပုတ် ခတ်တာတွေ၊ ဒိုင်တွေကို လှောင် ပြောင်တာတွေ မလုပ်သင့်ဘူး။ ရန်ကုန်အသင်းက အသင်းကြီးတစ်သင်းပါ။ သူတို့အသင်းမှာ လက်ရွေးစင်အသင်းအတွက် သွားကစားပေးခဲ့တဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ဒီကစားသမားတွေက ပင်ပန်းမှုတွေ ရှိနေတယ်။ ဒါ့ကြောင့် နိုင်ပွဲမရရင်လည်း နားလည်ပေးနိုင်ရမယ်’’ ဟု ဦးအောင်မင်းဦးက ပြောသည်။

7day daily