ရန်ကင်းမှ ခေါင်းဖြတ်လူသတ်မှု ဇွန် ၁၁ ရက်တွင် စွဲချက်တင်ဖွယ်ရှိ

ပို့စ်တင်ချိန် - 6/05/2014 07:19:00 PM



ပြီးခဲ့သည့်မတ် ၁၅ ရက်က ရန်ကင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ မေတ္တာရိပ်သာ လမ်းပေါ်တွင်ဖြစ်ခဲ့သည့် ခေါင်းဖြတ် လူသတ်မှုအတွက် လာမည့်ဇွန် ၁၁ ရက်တွင် စွဲချက်တင်ဖွယ်ရှိနေသည်ဟု ယင်းအမှုအား ကိုင်တွယ် စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်တရားသူကြီး (၄) ဦးငြိမ်းမြင့်က ဇွန်လ ၄ ရက်တွင် ပြောသည်။

“သက်သေတွေ အားလုံးကို စစ်ဆေးပြီး သွားပါပြီ။ သူတို့ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေးပြီး လာမယ့် တစ် ပတ် ရုံးချိန်းကျရင် စွဲချက်တင်နိုင်မယ်လို့ ယူဆရပါတယ်” ဟု ဦးငြိမ်းမြင့်က ဆိုသည်။

အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ စတင်ကာ သက်သေ ၁၄ ဦးကို ရုံးချိန်း ခုနစ်ကြိမ်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇွန် ၄ ရက်တွင် သက်သေများကို အပြီးသတ် စစ်ဆေးနိုင် ခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်အတွင်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက “ဒီလို ရက်ရက်စက်စက် သတ်သွားတဲ့ အမှုကို အမြန်ဆုံး စီရင်ချက်ချနိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက် ညပိုင်းက ရန်ကင်းမြို့နယ်တွင် နေထိုင်သော ကိုမင်းမင်းဦးသည် ၀ါးတံတား တွင်နေထိုင်သည့် အစ်ကိုဖြစ်သူ၏ နေအိမ်မှပြန်လာစဉ် မေတ္တာရိပ်သာလမ်းပေါ်တွင် အရက်သောက်ထား သူ ချစ်ပိုနှင့် ၀င်တိုက်မိခဲ့ရာက ချစ်ပိုက ကိုမင်းမင်းဦး၏ လည်ပင်းအား ဓားဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်သည် ဟု ရဲဌာနက ယူဆထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကင်းမြို့မရဲစခန်းမှ ချစ်ပိုအား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ကနဦး အမှုဖွင့်ထား ပြီး ရန်ကင်းမြို့နယ်နေ ပြည်သူများကလည်း ယင်းအမှု အမြန်ဆုံး ပေါ်ပေါက်နိုင်ရေးအတွက် မတ် ၂၈ ရက် တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima Burmese
ကျော်စိုးမိုး| ကြာသပတေးနေ့၊ ဇွန်လ ၅ ရက်၊ ၂၀၁၄ ခုနှစ်