အာဇာနည်ဗိမာန်ဗုံးခွဲမှုတွင် သေဆုံးခဲ့သည့် ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးအတွက် အောက်မေ့ဖွယ် ကျောက်တိုင် ဇွန် ၆ ရက်တွင် ဖွင့်မည်

ပို့စ်တင်ချိန် - 6/05/2014 01:22:00 PM



၁၉၈၃ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်၏ အဖွဲ့ဝင်များကို သေဆုံး၊ ဒဏ်ရာရစေခဲ့သော မြောက်ကိုရီးယားဗုံးခွဲလုပ်ကြံမှု မှတ်တမ်းဓာတ်ပုံ။ ယင်းဓာတ်ပုံကို တောင်ကိုရီးယား ချိုဆန်အီလ်ဘိုသတင်းစာက ၂၀၁၂ အောက်တိုဘာလတွင် ဖော်ပြခဲ့ပြီး ဓာတ်ပုံဆရာ၏ တောင်းဆိုမှုကြောင့် ပုံကို ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်ထားသည်။ (ဓာတ်ပုံ − CHOSUN ILBO)
 အာဇာနည်ဗိမာန်၌ ဗုံးခွဲလုပ်ကြံခံခဲ့ရသော တောင်ကို ရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက် တိုင်ဖွင့်ပွဲကို ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့အာဇာနည်ကုန်း၌ပြု လုပ်မည်ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဗြောင်စီး တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

အောက်မေ့ဖွယ် ကျောက် တိုင်ဖွင့်ပွဲသို့ တောင်ကိုရီးယား ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့မှ သံတမန်အချို့ တက်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကြည်လင်း ကအတည်ပြုပြောကြားသည်။

‘‘တောင်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးက မနက်ဖြန်ရောက် ပါမယ်။ကျောက်တိုင်ဖွင့်ပွဲကတော့ ၆ ရက်နေ့မနက်ပိုင်းပဲ။ ဒီမနက် တိုင်းဒေသကြီး ကာလုံအစည်း အဝေးမှာ ကိုရီးယား ဝန်ကြီးကို လုံခြုံရေးကိစ္စသေချာလုပ်ဖို့မှာကြားထားပါတယ်’’ ဟု ဦးကြည် လင်းကပြောသည်။

၁၉၈၃ ခုနှစ်အောက်တိုဘာ ၉ ရက်တွင် တောင်ကိုရီးယား သမ္မတချန်ဒူးဝှမ်နှင့်အဖွဲ့ အာဇာ နည် ဗိမာန်သို့ လာရောက်စဉ် မြောက်ကိုရီးယားအထူးလေ့ကျင့် ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းဗုံးဖြင့် လုပ်ကြံခဲ့သဖြင့်တောင်ကိုရီးယား အစိုးရအဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ပြီး မြန်မာဘက်မှ ဗိုလ်တထောင် သတင်းစာအကြီးတန်းသတင်းထောက်ဦးတင်ကြိုင်နှင့် ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းမှူးဦး အုန်းကျော်၊ ထုတ်လုပ်ရေးအဖွဲ့ သား ဦးအောင်နိုင်တို့ သေဆုံးခဲ့ သည်။

ယခုကျောက်တိုင်ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ထု လုပ်ခြင်းဖြစ်ပြီး အမြင့်ငါးပေ၊ အလျားပေ ၂၀ ရှိအထိမ်းအမှတ် နံရံတွင်လုပ်ကြံခံခဲ့ရသော ကိုယ် စားလှယ် ၁၇ ဦး၏အမည်များကို ရေးထိုးထားသည်။ မိသားစုဝင် များဓလေ့ထုံးစံနှင့်အညီ ဆု တောင်းဂါရဝပြုနိုင်ရန် တောင်ကို ရီးယားအစိုးရ၏ကမ်းလှမ်းမှုကို ၂၀၁၃ ဒီဇင်ဘာတွင်လက်ခံခဲ့ပြီး ၂၀၁၄ မေလဆန်းတွင် တောင်ကိုရီးယားနိုင်ငံက ကျောက်တိုင်ကိုပေးပို့ခဲ့သည်။

ယင်းကျောက်တိုင်စတင် တည်ဆောက်ရန်ဟု စီစဉ်ချိန် တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များမြှုပ် နှံရာ အာဇာနည်ဗိမာန်အနီး မည် သည့်အထိမ်းအမှတ်မျှမထားသင့် ကြောင်း တစ်ကိုယ်တော်ဆန္ဒဖော် ထုတ်မှုအပါအ၀င် ပြည်တွင်း၌ဝေဖန်ကန့်ကွက်မှုများရှိခဲ့သည်။ အစိုးရကလည်း  အာဇာနည်ဗိမာန်ပရဝဏ်အတွင်း မဟုတ်သည့်အပြင် နှစ်နိုင်ငံချစ်ကြည်ရေးအရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း  သတင်းထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးသည် ၎င်း၏ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး တောင်၊မြောက်ကိုရီးယားကျွန်းဆွယ် အရေးအပါအဝင် အာရှဒေသတွင်းမျက်မှောက်ရေးရာများ ဆွေးနွေးဖွယ်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကပြောကြားသည်။

အေးသူစံ
7day daily