စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား

ပို့စ်တင်ချိန် - 6/10/2014 09:18:00 AM


အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့ အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

Eleven Media