ကန်ထရိုက်ဖိုး အကုန်ကျခံ တည်ဆောက်မည့်သူရှိပါက ပြည်သူများကို အိမ်ယာ အလကားပေးမည်

ပို့စ်တင်ချိန် - 1/28/2014 05:33:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၈။

တန်းဖိုးနည်းအိပ်ယာများသည် လက်ရှိအိပ်ယာ ဈေးကွက်တွင် သိန်း ၂၀၀ ဝန်းကျင်ခန့်အထိ ဈေးပေါက်နေသော်လည်း ယခုဈေးနှုန်းများထက်မံ၍ ဈေးချပေးလာနိုင်ရန် မရှိကြောင်းနှင့် ကန်ထရိုက်ဖိုး အကုန်ကျခံ တည်ဆောက်မည့်သူ ရှိပါက ပြည်သူများကို အိမ်ယာ အလကားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အုံဌာန မှ ဇန်နဝါရီ ၂၈ ရက်က သိရသည်။

ယင်းကဲ့သို့ တန်ဖိုးနည်း အိပ်ယာများသည် ဈေးနှုန်းကြီးမြင့်လျက် ရှိနေခြင်းမှာလည်း အဆောက်အဦးတည် ဆောက်ပုံများကြောင့်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အုံဌာန ဦးနေဝင်း က ပြောသည်။

“အိုးအိပ်ကဆောက်တဲ့ တန်ဖိုးနည်းအိပ်ယာ ကျပ်သိန်း ၁၀၀ ပဲရှိတယ်။ ငါးထပ်ကို ဓာတ်လှေကား မပါဘူး ဒါပေမယ့် ကျွန်တော်တို့ ဟာက ၆ ထပ်ကို ဓာတ်လှေကားတို့ ဘာတို့ ပါတယ်။ အခန်းဖွဲ့ထားတယ် ဒီဈေးနှုန်းထက်တော့ ထက်ပြီးဈေးကျစရာ မရှိဘူး အိပ်ယာဆောက်တည်ဆိုတာ ဒီအတိုင်းဆောက်လို့ မရပါဘူး ဘိလပ်မြေဖိုး၊ သံချောင်း၊ အလုပ်သမားဖိုးတွေနဲ့  အခြားကုန်ကျစရိတ်တွေ ရှိပါတယ် ”ဟု ဦးနေဝင်းက ဆိုသည်။

တန်းဖိုးနည်းအိပ်ယာများ ကန်ထရိုက်ဖိုး အကုန်ကျခံကာ တည်ဆောက်မည့်သူ ရှိပါက ပြည်သူများကို အိပ်ယာအလကားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီထက်တော့ ဈေးမကျနိုင်ပါဘူး တကယ်လို့  ကန်ထရိုက်ဖိုး အကုန်အကျခံနိုင်တဲ့သူ ရှိရင်ပြောပါ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေကို ကျပ်သိန်း ၂၀၀ မဟုတ်ဘဲနဲ့ အလကားတောင် ပေးနိုင်ပါသေး”ဟု ဦးနေဝင်းက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တန်ဖိုးနည်းအိပ်ယာဟု ဆိုကာ အရစ်ကျပေးဖြင့် ရောင်းချနေသော အိပ်ယာများသည် ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ ဈေးပေါက်နေသောကြောင့် သာမန်လူတန်း စားများအတွက် အဆိုပါ ဈေးနှုန်းသည် မြင့်မားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တန်ဖိုးနည်းအိပ်ယာလျှောက်လွှာအား ကြည့်ရှုသူ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တန်ဖိုးနည်း အိပ်ယာများကိုလည်း အမှန်တကယ် နေထိုင်မည့် သူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များက ငွေအလုပ်အရင်းဖြင့် ဝယ်ယူကာကြိုးကိုင်ချယ်လည်ခြင်း မရှိအောင် တန်ဖိုးနည်းအိပ်ယာများအား ဆောင်ရွှက်ထားကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age