ဆီးဂိမ်းပြိုင်ပွဲကျင်းပသည့် မြို့ကြီးလေးမြို့အတွက် တပ်ဆင်မည့် 4G စနစ်ဆီးဂိမ်းကာလအတွင်းသာ အသုံးပြုနိုင်မည်

ပို့စ်တင်ချိန် - 9/05/2013 05:35:00 PM


ချိုကို | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၉ မိနစ်

ဆီးဂိမ်း(အရှေ့တောင်အာရှအားကစား) ပြိုင်ပွဲကျင်းပမည့် ရန်ကုန်၊ မန္တလေး နေပြည်တော်နှင့် ငွေဆောင် ကမ်းခြေတို့တွင် မိုဘိုင်းဖုန်းများကို 4G စနစ်အသုံးပြုနိုင်ရန် တပ်ဆင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစနစ်ကို ဆီးဂိမ်းကာလအတွင်းသာ အသုံးပြု၍ရနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးဝင်းက စက်တင်ဘာ ၄ ရက်တွင် ပြောသည်။

ယင်းသို့ မိုဘိုင်းနက်ခ်ဝပ်များတွင် 4G စနစ် အသုံးပြုနိုင်မည့်စီမံကိန်းကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ JICA (Japan International Cooperation Agency) ၏ ထောက်ပံ့ကူညီမှုဖြင့် တပ်ဆင်မည်ဖြစ်ပြီး လာရောက်တပ်ဆင်မည့်နည်း ပညာကုမ္ပဏီများကို ဂျပန်နိုင်ငံတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်စိုးဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ 4G အင်တာနက်စနစ်များကို ဆီးဂိမ်းကာလအတွင်းသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဆီးဂိမ်းပြီးပါက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတွင် ဆက်လက်အသုံးပြုနိုင်ဦးမည်မဟုတ်ကြောင်းလည်း ဦးကျော်စိုးဝင်းက ပြောသည်။

၎င်းက “ဂျပန်ကတော့ မြန်မာနိုင်ငံကို ဆီးဂိမ်းပြီးသွားလည်း အသုံးပြုနိုင်ဖို့ ထောက်ပံ့ပြီး လှူဒါန်းလိုက်တာပါ။ ဒါပေမဲ့ ဆီးဂိမ်းပြီးသွားရင် မြန်မာ့ဆက်သွယ်ရေးအနေနဲ့ 4G (LTE) ကို တရားဝင်အသုံးပြုနိုင်ဖို့ Commercial Allow မရသေးဘူး”ဟု ပြောသည်။

“ဂျပန်အစိုးရနဲ့ မြန်မာအစိုးရစကားပြောပြီးတော့ JICA ဆိုတဲ့အဖွဲ့အစည်းက ဒီ 4G စနစ်ကို လှူဒါန်းပါမယ် ဆိုပြီး ထောက်ပံ့ပေးတာပါ။ အဲဒီ 4G တပ်ဆင်မယ့်ကုမ္ပဏီတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဂျပန် ပူးပေါင်းပြီးတော့ ဂျပန်မှာတင်ဒါခေါ်တာလုပ်တယ်။ တင်ဒါကို တရားဝင်ရွေးချယ်ပြီးတော့ မြန်မာနိုင်ငံမှာ 4G စနစ်လာတပ်မှာပါ ”ဟုလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိပြည်တွင်းတွင် အသုံးပြုနေသော မိုဘိုင်းဖုန်းစနစ်များတွင် 3G စနစ်သည် အမြင့်ဆုံးအသုံးပြုသည့် စနစ်ဖြစ်သည်။ 4G စနစ် အသုံးပြုရန် ရေဒီယိုစခန်းများတပ်ဆင်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး မကြာမီစမ်းသပ်အသုံးပြုမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းကလည်း “အဆောက်အအုံပြင်ဆင်ခြင်း၊ ဓာတ်အားရရှိရေးတို့ကို ဆောင်ရွက်နေပြီး မကြာခင် စက်ပစ္စည်းတွေကို တပ်ဆင်စမ်းသပ်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု စက်တင်ဘာ ၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ပြောထားသည်။

ယင်းစနစ်အတွက် ရေဒီယိုစခန်းများ တည်ဆောက်ရာတွင် ရန်ကုန်မြို့အတွက် ၁၇ ခု၊ ငွေဆောင်တွင် တစ်ခု၊ နေပြည်တော် တွင် ၂၈ ခုနှင့် မန္တလေးတွင် လေးခုတပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေသည်။
Mizzima - News in Burmese