အကျင့်ပျက်သည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားသူကြီးကို နုတ်ထွက်ခွင့်ပြု

ပို့စ်တင်ချိန် - 10/23/2013 06:08:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၂

ငွေကြေး လိမ်လည်သူများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီကို ၎င်း၏သဘော ဆန္ဒအရ နိုင်ငံတော်သမ္မတက တာဝန်မှ နုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး က အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်မှုတွင် တရားစွဲဆိုခြင်း မပြုလုပ်နိုင်ရန် ဒေါ်စီစီသည် လာဘ်ငွေများယူ၍ တရားဥပဒေကြောင်းအရ အကာအကွယ် ပေးထားသည်ဟု ဆိုကာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကျော် (ကိုယ်စားလှယ် ၁၄ဦး)က လက်မှတ် ရေးထိုးပြီး ဒေါ်စီစီကို သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် စွပ်စွဲ ပြစ်တင်ခဲ့သည်။

ယင်းစွပ်စွဲ ပြစ်တင်မှုကို စုံစမ်းစစ်ဆေးရန် လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် အခြားလူပုဂ္ဂိုလ် တစ်ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းကော်မရှင်တွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောကြားသည်။

မြောက်ဦးမြို့၌ ဆန်စပါး ရောင်းဝယ်မှု များနှင့် ပတ်သက်၍ ဒေသခံများထံမှ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်ထားသည့် ဆန်စက်ပိုင်ရှင် ထံမှ ဒေါ်စီစီက လာဘ်ငွေများယူ၍ အကာအကွယ် ပေးထားသည် ဟုဆိုကာ စွပ်စွဲပြစ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း စွပ်စွဲ ပြစ်တင်ထားသည့်အတိုင်း မှန်ကန်ကြောင်းကို စစ်ဆေး တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“သမ္မတက နုတ်ထွက်ခွင့် ပြုလိုက်ပြီ ဆိုတော့ လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်ဖို့ မလိုတော့ဘူး” ဟု ဦးအောင်မြကျော်က ထပ်မံ ပြောကြားသည်။

လယ်သမားများ၊ ဆန်ကုန်သည် များနှင့် ဒေသခံများထံမှ ဆန်စပါး အကြွေး ဝယ်ယူမှု၊ ကုန်သည်များနှင့် NGO များထံမှ ဆန်စပါး ဝယ်ပေးမည်ဆိုကာ ပိုက်ဆံ ယူထားပြီး ကတိအတိုင်း ပြန်လည် လုပ်ဆောင်ပေးခြင်း မရှိကြောင်း၊ ယင်းကိစ္စကို တရားစွဲဆိုရာတွင် မြို့နယ်၊ ခရိုင်အဆင့်တွင် တရားစွဲဆို၍ ရသော်လည်း ပြည်နယ် အဆင့်တွင် တရားသူကြီးက ပယ်ချသဖြင့် အဆိုပါ နစ်နာသူများက လွှတ်တော် ကိုယ်စားလှယ်များကို တိုင်ကြားခဲ့ကြောင်း စွပ်စွဲ ပြစ်တင်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

တရားလွှတ်တော် တရားသူကြီးကို နုတ်ထွက်ခွင့်ပြုသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်စီစီကို ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
ဒေါ်စီစီသည် ရခိုင်ပြည်နယ်၌ ၂၀၁၁ ခုနှစ်တွင် တရားလွှတ်တော် တရားသူကြီး တာဝန်ကို စတင်ထမ်းဆောင် ခဲ့သည်။

The Voice Weekly