ကိုယ့်အလုပ်ကိုယ်လုပ်ခွင့်ပေးပါ

ပို့စ်တင်ချိန် - 10/23/2013 08:55:00 AM


ကျွန်တော်ဟာ မကြာခဏ Facebook ထဲကို ဝင်တတ်တဲ့ Facebook ဖောက်သည်တစ်ဦး ဖြစ်ကြောင်း ဦးစွာ ဝန်ခံလိုပါတယ်။ အင်တာနက်ထဲမှာ တစ်ဖက်က ကိုယ်သိချင်တာတွေ ရှာတတ်သလို၊ တစ်ဖက် ကလည်း Facebook ကိုဖွင့်ပြီး ဘာတွေ ဖြစ်နေသလဲဆိုတာ စူးစမ်းမိပါတယ်။ ‘ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ကျန်းမာရေးဦးစီးဌာန လက်ထောက် ဆရာဝန်များရာထူး ရေးဖြေစာမေးပွဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးခွန်းကို ဓာတ်ပုံရိုက်ပြီး တင်ထားတာ တွေ့လိုက်ရလို့ စိတ်ဝင်စားပြီး ဖတ်ကြည့်လိုက်မှ တစ်ခုခုတော့ လွဲနေပြီထင်ပြီး ဒီစာကို ရေးဖြစ်သွားပါတယ်။
ကျွန်တော့် သူငယ်ချင်းတစ်ယောက် မူလတန်းပြကနေ မူလတန်းကျောင်းအုပ် ရာထူးတိုး စာမေးပွဲဖြေတော့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးနဲ့ အထက်တန်း ကျောင်းအုပ်ကြီးတွေက အင်တာဗျူးပါသတဲ့။ ပညာရေးမှူးက ကျွန်တော့် သူငယ်ချင်းကို ‘ဒို့တာဝန် အရေးသုံးပါး’ ရွတ်ပြစမ်းကွာလို့ ပြောသတဲ့။ ကျွန်တော့် သူငယ်ချင်းကလည်း ဆရာကြီးတို့ ကျွန်တော့်ကို သင်ကြားရေးနဲ့ ပတ်သက်ပြီး ကြိုက်တာမေးပါ။ ကျွန်တော် အဲဒါတွေ စိတ်မဝင်စားပါဘူးလို့ ပြောလိုက်လို့ ရာထူးခန့်တဲ့ အထဲမှာမပါဘဲ လွဲခဲ့ရဖူးတယ်လို့ ပြောပြတာကို သတိရမိတယ်။
ခုလည်း ကျန်းမာရေးဝန်ကြီးဌာနက လက်ထောက်ဆရာဝန် ရာထူးအတွက် မေးတဲ့မေးခွန်းကို စာဖတ်ပရိသတ်တွေ ဗဟုသုတ ဖြစ်အောင် ဖော်ပြပေးချင်ပါတယ်။
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားသော အဖွင့်အမှာစကားပါ အချက်များ။
၂။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ပြောကြားသော အမှာစကားပါ အချက်များ။
၃။ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တတစ်ပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တတစ်ပတ် ဆောင်ရွက် လှုပ်ရှားမှုများကို ခြုံငုံဖြေဆိုပါ။
၎။ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီ အောင်မြင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဖြေဆိုပါ။
၅။ အောက်ပါ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအကြောင်း မှတ်စုရေးပါ။
(၁) ဒဲရစ်မစ်ချယ်လ်၊ (၂) ဆမ်ဒက်ဟွန်ဆန် ၊ (၃) WHO၊ (၅) UNESCO ၆။ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကို ဆွေးနွေးပါ။
၇။ အာဆီယံအသင်းကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ဖြေဆိုပါ။
၈။ ကမ္ဘာနှင့်အဝန်း မိုးလွန်ကဲစွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ဖြေဆိုပါ။
အဲဒီရှစ်ပုဒ်ထဲက လေးပုဒ်ရွေးချယ် ဖြေဆိုရမှာ ဖြစ်ပြီးတော့ တစ်ပုဒ်ကို ၂၅ မှတ်နဲ့ အမှတ် ၁၀၀ ဖိုးမေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ရွေးချယ်ရာမှာလည်း ၁ နဲ့ ၂ ထဲက ကြိုက်ရာတစ်ပုဒ်၊ ၃ နဲ့ ၄ ထဲက ကြိုက်ရာ၊ တစ်ပုဒ်၊ ၅ နဲ့ ၆ ထဲက ကြိုက်ရာတစ်ပုဒ်၊ ၇ နဲ့ ၈ ထဲက ကြိုက်ရာတစ်ပုဒ်ကို ရွေးပြီး ဖြေဆိုနိုင်အောင် အပိုင်းလိုက် ခွဲပေးထားတာ တွေ့ရတယ်။
ဒီတော့ အဲဒီမေးခွန်းတွေကို ပြန်လည် သုံးသပ်ကြည့်ရင် ဆရာဝန်လောင်း ခန့်ဖို့ဟာကို သမိုင်းနဲ့ အထွေထွေ ဗဟုသုတတွေမေးပြီး ဖြေခိုင်းနေတာလို့ ရိုးရိုးလေး သုံးသပ်လို့ရပါတယ်။ ဆရာဝန် လုပ်မယ့်သူတွေက နိုင်ငံတော်သမ္မတနှစ်ဦးရဲ့ မိန့်ခွန်းတွေကို ဘာကြောင့် သိဖို့လိုတာလဲ။ ကပ်ပြော ရင်တော့ ရတာပေါ့ဗျာ။ နိုင်ငံတော်က ဘာမူဝါဒ၊ ညာမူဝါဒတွေနဲ့ သွားနေတာ။ ဒါတွေကိုသိဖို့ မလိုဘူးလားပေါ့။ ကျွန်တော့် အမြင်တော့ မလိုဘူးထင်ပါတယ်။ ဆရာဝန် တစ်ယောက်ဟာ ဆရာဝန်နဲ့ ပတ်သက်တာကိုပဲသိရင် ပိုကောင်းတာပေါ့။ ခုတော့ ဆိုရှယ်လစ်ရနံ့၊ စစ်အစိုးရ ခေတ်ရနံ့တွေကို ပျောက်ကုန်မှာ စိုးရိမ်တာနဲ့ ဘူးလေးနဲ့ ထည့်ထားပြီး အချိန်ရရင် ဘူးဖွင့်ပြီး ပြန်ရှူခိုင်းချင်နေတာတော့ မသင့်ဘူး ထင်ပါတယ်။
ကျန်းမာရေးနဲ့ ဆိုင်တာဆိုလို့ တိုက်ရိုက်ပတ်သက်တာ မေးခွန်း ၃ နဲ့ ၄ လောက်ပဲရှိတယ်။ အဲဒီမေးခွန်း နှစ်ခုကလည်း တကယ်တမ်းပြောရရင် သူ့သက်ဆိုင်နယ်ပယ်က လူတွေလောက်ပဲ စိတ်ဝင်စား သိနိုင်တဲ့ ကိစ္စတွေကို ရေးကြီးခွင်ကျယ် လုပ်ပြီး မေးသလို ဖြစ်နေတယ် ထင်ပါတယ်။ အဆိုးဆုံးကတော့ ဆရာဝန်လောင်းတွေကို ဆီးရီးယား စစ်အကြောင်းနဲ့ မိုးလွန်ကဲစွာ ရွာသွန်းတဲ့ ဆိုးကျိုးတွေကို မေးထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဆရာတွေဝန်ပါဗျာ။ မစ္စတာ Know-it-all တွေ မဟုတ်ပါဘူး။ ဒါမှမဟုတ် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်ဆိုတာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေးအစရှိတဲ့ ဘက်စုံတော်နေပြီးသားတွေ ဖြစ်ရမယ်ဆိုပြီ မူဝါဒများချကာ စစ်ဆေးနေသလား ထင်ရပါတယ်။
နိုင်ငံခြားမှာ ပရိုဂရမ်မာခန့်တဲ့ အတွေ့အကြုံလေးကို ဖောက်သည် ချချင်ပါတယ်။ ပရိုဂရမ်မာ လျှောက်တယ်။ ဘယ်နေ့ လာတွေ့ပါလို့ အကြောင်းပြန်တယ်။ အဲဒီနေ့မှာ ကုမ္ပဏီကို သွားတွေ့တယ်။ မင်းဘာလုပ်တတ်သလဲလို့ မေးတယ်။ ကျွန်တော် ဒါတွေကို လုပ်ဆောင်တတ်ကြောင်း ပြောတယ်။ အခန်းတစ်ခန်းထဲ ခေါ်သွားတယ်။ စားပွဲပေါ်မှာ ကွန်ပျူတာတစ်လုံး တင်ထားတယ်။ ငါ့ကို အဲဒါလေး လုပ်ပြကွာဆိုပြီး တစ်ယောက်တည်းထား ပြန်ထွက်သွားတယ်။ ကွန်ပျူတာဖွင့်ပြီး တတ်ထားသမျှ တွေနဲ့ အစွမ်းကုန် ရေးပြရတော့တာပေါ့။ လုပ်ဆောင်မှု ပြီးပြီဆိုတော့ သွားပြီး သတင်းပို့လိုက်တယ်။ လုပ်ဆောင်ထားခဲ့တာကို ပြောပြလိုက်တယ်။ မင်းပြန်လို့ရပြီ။ မနက်ဖြန် အကြောင်းပြန်မယ်တဲ့။
နောက်တစ်နေ့မှာ ဖုန်းလက်ခံရတယ်။ မင်းကို ငါတို့ ကုမ္ပဏီမှာ ပရိုဂရမ်မာအဖြစ် ခန့်လိုက်ပြီတဲ့။
အဲဒါ မြန်မာနိုင်ငံကနေ နိုင်ငံခြား နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုမှာ တကယ့် လစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက ပရိုဂရမ်မာ တစ်ယောက်ရဲ့ လက်တွေ့ အဖြစ်အပျက် တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံက ဝန်ကြီးချုပ် အကြောင်းလည်း မမေးဘူး။ အာဆီယံ အကြောင်းလည်း မသိချင်ဘူး။ သူတို့ သိချင်တာက ဘာတွေလုပ်တတ်သလဲ၊ ဘယ်လောက် လုပ်ပြနိုင်သလဲ ဆိုတာတွေနဲ့ ပိုင်းဖြတ်ပြီး လက်တွေ့အမှတ်ပေး ခန့်ကြတာပါ။
မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ခေတ်ရဲ့ အမှတ်ပေးစနစ်တွေ၊ ခေါင်းဆောင်ကြီးတွေကို အလေးအမြတ်ထားကာ တင်စားတတ်တဲ့ ကွန်မြူနစ်မှိုင်းတွေ၊ လူကြီးအကြိုက် လိုက်ပြီး ဖော်ဆောင်တတ်တာတွေ၊ ယခင်မေးခွန်းကို ယခုမေးခွန်းမှာ Version လေး ပြောင်းလိုက်ပြီး ရက်စွဲပြင် မေးတတ်တာမျိုးတွေ၊ ခေတ်စနစ် လက်တွေ့ဘဝနဲ့ ကင်းကွာပြီး အလုပ်သဘော မဆန်တဲ့ စစ်ဆေးမှုမျိုးတွေကို ပြင်ဆင်သင့်ပြီလို့ ထင်ပါတယ်။
ကျောင်းဆရာကို ဒို့တာဝန်အရေးသုံးပါး မသိသင့်ဘူးလားလို့မေးရင် သိသင့်ပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဒို့တာဝန်အရေးသုံးပါးကို ကျောင်းဆရာထက် နိုင်ငံအုပ်ချုပ်တဲ့သူတွေက ဂဃနဏ သိထားပြီး တိုင်းပြည်ကို အုပ်ချုပ်ရင် ပိုကောင်းမှာပါ။ ကျောင်းဆရာကလည်း ကျောင်းသားတွေ စာဘယ်လိုတတ်အောင် သင်ရမယ်ဆိုတာနဲ့၊ ဆရာဝန်တွေကလည်း ဆေးပညာလောက တိုးတက်အောင်နဲ့ ကုသရေးအတွက် ဘယ်လိုစွမ်းဆောင်ချက်တွေ ပေးနိုင်အောင် ဗဟုသုတတွေနဲ့ လေ့လာမှုမျိုးတွေရှိရင် သမ္မတ ဘာပြောသွားတယ်ဆိုတဲ့ အချက်တွေထက် တန်ဖိုးရှိမယ် ထင်ပါတယ်။ လောကမှာ ကိုယ့်အလုပ်ကိုယ်လုပ်ကြရင်၊ လုပ်ခွင့်ရမယ်ဆိုရင် ပိုကောင်းပါတယ်။
ကျော်ဗလ

thevoicemyanmar