အင်တာနက်ပေါ်က အလုပ်လျှောက်လွှာတင်သူ များပြား

ပို့စ်တင်ချိန် - 12/23/2013 12:03:00 PM


အင်တာနက် အသုံးပြုသူတွေ တနေ့တခြား များပြားလာတယ်နဲ့အမျှ အင်တာနက်ကို အသုံးပြုပြီး အလုပ်လျှောက်သူတွေ၊ အလုပ်အကိုင်ရှာဖွေသူတွေအပြင် အလုပ်ခန့်သူတွေ တနေ့တခြား ပိုမိုများပြားလာနေတယ်လို့ အလုပ်အကိုင် အခွင့်အလမ်း ၀န်ဆောင်မှုပေးနေတဲ့ ၀က်ဆိုဒ်တွေ ကနေ သိရပါတယ်။

work.com.mm ၀က်ဆိုဒ် တာဝန်ရှိသူ မမေဖူးနိုင်က “ညီမတို့ အမြင်တော့ စိတ်ဝင်စားတဲ့သူတွေ အရမ်းများလာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကုမ္ပဏီစီကို သီးသန့်သွားပြီး လျှောက်စရာ မလိုတော့ဘူး။ အဲ့ဒီအတွက်ကို အင်တာနက်ဆိုင်ကို သွားပြီး အင်တာနက်လေးသုံးပြီး apply button လေးကို နှိပ်ရုံလေးနဲ့ အလုပ်တွေအများကြီးကိုလည်း မြင်ရတယ်။ နောက်ပြီးတော့ လျှောက်ချင်တဲ့ အလုပ်တွေကို ရွေးချယ်လုပ်လို့ရတယ်။ ဒီလို Job Fair ရှိမှ ဒီလို ကုမ္ပဏီ အများကြီးကို တွေ့လို့ရတာလေ။ ဒီလို Job Fair သာမရှိခဲ့ရင် ကုမ္ပဏီ တခုခြင်းစီကို သွားရမှာ။ အဲ့ဒီလို အခါမျိုးမှာ ညီမတို့ Work.com မှာဆိုရင် Job Fair လိုမျိုးပေါ့ လမ်းစရိတ်တောင် မကုန်ဘဲနဲ့ အလုပ်အကိုင်တွေကို ကြည့်လို့ရတယ်”လို့ ပြောပါတယ်။

၁ နှစ်ကျော်ကာလအတွင်း ကိုယ်ရေးအချက်အလက် (CV) ပေါင်း ၂သောင်းကျော် အင်တာနက်ပေါ်ကနေ လက်ခံရရှိထားပြီး အများစုက ၁၉နှစ်ကနေ အသက် ၃၀ ၀န်းကျင်ရှိတဲ့ ကွန်ပျူတာအသုံးပြုတဲ့သူတွေဖြစ်တယ်လို့ အင်တာနက်ပေါ်ကနေ အလုပ်အကိုင်အခွင့်အလမ်းဝန်ဆောင်မှုပေးနေတဲ့ Work .com.mm ၀ဒ်ဆိုက် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မမေဖူးနိုင်က “ဘယ်လို လူမျိုးတွေ အလုပ်လျှောက်တာများလဲ ဆိုတော့ ညီမ အမြင်ကတော့ Staff level တွေ၊ Middle Level တွေ Higer level တွေလည်း လျှောက်တာများတယ်။ များသောအားဖြင့်တော့ ကွန်ပျူတာပိုင်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေ လျှောက်တာ များတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နည်းဆုံးတော့ သူတို့က အလုပ်ရှိနေရင်တောင်မှာ သူတို့ရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ CV တွေကို upload တင်ထားကြတယ်။ အဲ့ဒီခါကျတော့ ကုမဏီတွေ အနေနဲ့ သူတို့ လိုချင်တဲ့သူတွေကို ကုမ္ပဏီတွေကို လာမလျှောက်ထားပင်မယ့် ဖုန်းနဲ့ လှမ်းဆက်ပြီး ခေါ်တာတွေ ပြုလုပ်နိုင်တာကြောင့် ကိုယ့်ရဲ့ CV တွေကို upLoad တင်တာ မမှားဘူးလို့ မြင်တယ်”လို့ ဆိုပါတယ်။

တချိန်တည်းမှာဘဲ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆက်သွယ်ရေး အားနည်းချက်တွေကြောင့် အင်တာနက်ပေါ်ကနေ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ၀န်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေ သာမကဘဲ အင်တာနက်ကနေ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ပတ်သက်ပြီး ၀န်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
DVB Burmese