ဟောင်ကောင်က အိမ်အကူခေါ်ယူရန် ကမ်းလှမ်းချက်အပေါ် မြန်မာအေဂျင်စီများ သဘောထားကွဲလွဲနေ

ပို့စ်တင်ချိန် - 12/23/2013 01:22:00 PM


ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

    မြန်မာအမျိုးသမီး အိမ်အကူလုပ်သားများခေါ်ယူရေးအတွက် ဟောင်ကောင်၏ကမ်းလှမ်းချက်အပေါ် ပြည်တွင်းအလုပ်သမားအေဂျင်စီများအနေဖြင့် သဘောထားကွဲလွဲလျက်ရှိကြောင်း အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောကြားသည်။

    ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ အိမ်အကူများအား ပြန်လည်စေလွှတ်ရမည်ဖြစ်ခြင်းကြောင်း မြန်မာနိုင်ငံမှ အိမ်အကူများခေါ်ယူရန် ဟောင်ကောင်က လာရောက်ညှိနှိုင်းနေခြင်းဖြစ်ပြီး လုပ်သားသုံးသိန်းခန့်အထိ လိုအပ်ချက်ရှိနေကာ ယင်းနှင့်စပ်လျဉ်းပြီး မြန်မာအစိုးရဘက်က ပြည်တွင်းအေဂျင်စီများကို လုပ်ကိုင် ခွင့်ပြုထားသော်လည်း အေဂျင်စီများအကြားတွင် ဟောင်ကောင်၏ကမ်းလှမ်းချက်အပေါ် လက်ခံမည်၊ လက်မခံမည် သဘောထားကွဲလွဲနေကြခြင်းဖြစ်ကြောင်း ယင်းတို့က ဆက်ပြောသည်။

    မန္တလာမေ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ဒါရိုက်တာ ဦးကိုလေးက“ဟိုဘက်ကအဖွဲ့နဲ့ ကျွန်တော်တို့ MoU မထိုးရသေးဘူး။ မထိုးရသေးတဲ့အကြောင်းက ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် အလုပ် အမှုဆောင်အသစ်ရွေးချယ်ဖို့ ရှိနေတာကြောင့်ဖြစ်တယ်။ ဒါပြီးရင်တော့ ဘယ်သူတွေက ပို့ချင်လဲသတ် မှတ်ထားတဲ့ နှုန်းထားအတိုင်း ပို့နိုင်တဲ့သူတွေကို ပို့ခွင့်ပြုမယ်” ဟု ပြောသည်။

    ဟောင်ကောင်သို့ အိမ်အကူလုပ်ငန်းသွားရောက်လုပ်ကိုင်မည့် လုပ်သားတစ်ဦးအနေဖြင့် တစ်လလျှင် လစာဟောင်ကောင်ဒေါ်လာ ၄,၀၂၀ (၄၄၂,၀၀၀ကျပ်ဝန်းကျင်)ရရှိနိုင်ကာ ၀န်ဆောင်ခ (တစ်လလျှင် ကန်ဒေါ်လာ ၃၆၀ ဖြင့်လစာမှ ခြောက်လခန့်ဖြတ်တောက်မည်) နှစ်ဆယ့်တစ်သိန်းကျော် ပေးရမည်ဖြစ် ကြောင်း အေဂျင်စီအသိုင်းအ၀ိုင်းမှ သိရသည်။ ၀န်ဆောင်ခများကို မြန်မာအေဂျင်စီဘက်မှ ကန်ဒေါ်လာ ၁,၁၆၀ နှင့် ဟောင်ကောင်ဘက်မှ ၈၄၀ ရယူမည်ဟု အကြမ်းဖျင်းညှိနှိုင်းထားကြောင်း ယင်းတို့ကဆက် ပြောသည်။

    မြန်မာအစိုးရအနေဖြင့် ပြည်တွင်းအေဂျင်စီများအား ဟောင်ကောင်သို့ အိမ်အကူလုပ်သားပို့ဆောင်ရန် ခွင့်ပြုထားသော်လည်း အေဂျင်စီများအနေဖြင့် လုပ်သားများကို ဘာသာစကားနှင့် အိမ်တွင်းမှု လုပ်ငန်း ဆိုင်ရာသင်တန်း နှစ်လပို့ချပေးရမည်ဟု သတ်မှတ်ထားသည်။

    ယင်းနှင့်စပ်လျဉ်းကာ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က“ဟောင်ကောင်ကို မြန်မာလုပ်သားတွေလွှတ်ဖို့ ခွင့်ပြု တယ်ဆိုတာ ပြည်တွင်းက အေဂျင်စီတွေကို ပြောတာပါ။ ဟိုဘက် (ဟောင်ကောင်) ကရောက်နေတဲ့ NGO အဖွဲ့လား၊ Association လား အဲ့ဒီဟာက တို့နဲ့ ဘာမှမဆိုင်ဘူး” ဟု မဇ္ဈိမသို့ ပြောကြားသည်။

    လက်ရှိအချိန်တွင် မြန်မာအလုပ်သမားအေဂျင်စီများအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူလုပ်သားစေ လွှတ်ရေးအတွက် ဟောင်ကောင်ဘက်နှင့်လည်းကောင်း အေဂျင်စီများအကြားတွင်လည်းကောင်း ညှိနှိုင်းမှုများ ပြုလုပ်နေဆဲအဆင့်တွင်သာရှိသေးကြောင်း ယင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ဆက်လက် ပြောကြားသည်။

    APPLE MANAGEMENT CO.,LTD. မှ ဒါရိုက်တာ ဦးဝင်းနိုင်ဦးက “ကျွန်တော်တို့ဆီကို အေဂျင်စီ အသင်းချုပ်က ဟောင်ကောင်ကလာတဲ့အဖွဲ့နဲ့ အလွတ်သဘောတွေ့တဲ့အကြောင်း အီးမေးလ်ပို့တယ်၊ ဘာမှသဘောတူညီမှုတွေဘာတွေ မလုပ်သေးဘူး။ ကျွန်တော်တို့ အေဂျင်စီအများစုကလည်း ပို့ဖို့မသေ ချာဘူး။ မိန်းကလေးဆိုတော့ တစ်အိမ်တစ်ယောက်ဆိုတော့၊ အယောက်တစ်ရာဆို စက်ရုံတစ်ရာကို ပို့ရသလိုပဲလေ။ စက်ရုံတစ်ရုံကို အယောက်တစ်ရာပို့လိုက်တာက တစ်စုတစ်စည်းတည်းရှိတယ်။ပြီး တော့ အိမ်အကူဆိုတာ ဘာမှလည်း အသိပညာတိုးတက်မလာနိုင်ဘူး၊ အေဂျင်စီတွေရမယ့် ပိုက်ဆံ ကိုပဲ ကြည့်ရင်တော့ မက်စရာပေါ့” ဟု ပြောသည်။

    စင်ကာပူနိုင်ငံမှလည်း မြန်မာအိမ်အကူလုပ်သားများ ပိုမိုခေါ်ယူရန် လိုလားလျက်ရှိပြီး လက်ရှိအချိန်တွင် ရောက်ရှိနေသော မြန်မာအိမ်အကူလုပ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိနိုင်ကာ စင်ကာပူနိုင်ငံရှိ အိမ် အကူလုပ်သားများ၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားရေးရာ လှုပ်ရှားသည့် လူမှုအဖွဲ့ အစည်းများအချို့နှင့် Home Hunanitarian Organization for Mi-gration Economics မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောကြားသည်။

    စင်ကာပူတွင်မူ မြန်မာအိမ်အကူလုပ်သားလစာမှာ စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား( ကျပ် ၂၈၀,၀၀၀ မှ ၃၀၀,၀၀၀ ) ရရှိတတ်ပြီး ဖိလစ်ပိုင်လုပ်သားများမှာမူ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိနေကြကြောင်း အလုပ်သမားအေဂျင်စီများက ပြောကြားသည်။

ရဲလင်းထွဋ်
Mizzima Burmese