ဝင်ငွေကောင်းတဲ့ မြက်ပင်

ပို့စ်တင်ချိန် - 10/31/2013 01:21:00 PM


ဦးဝင်းမြင့်

တစ်ခါစိုက်ရင် အနည်းဆုံး ခြောက်နှစ်ရိတ်သိမ်းနိုင်တဲ့ မြက်အမျိုးအစားဖြစ်ပါတယ်။

စနစ်တကျစိုက်ရင် တစ်ဧက တစ်နှစ်ပတ်လုံးထွက်နှုန်းဟာ တန်ချိန် ၁၅၀ ရတယ်။ မဲဆောက်မိတ်ဆွေ ကျောင်းဆရာ (အငြိမ်းစား) တစ်ဦးက စပါးစိုက်နေကြမြေ ၆ ဧကကို စပါးမစိုက်တော့ဘဲ မြက်စိုက်ပြီး ရောင်းစားနေပါတယ်။ သူစိုက်ခင်းကတော့ စနစ်တကျ မစိုက်နိုင်တဲ့အတွက် အနည်းဆုံးတစ်ဧကမှာ တစ် နှစ်ကို ၇၅ တန်လောက်ထွက်တယ်လို့ ရှင်းပြပါတယ်။ ၄၅ ရက်ကနေရက် ၆၀ ကြားတစ်ကြိမ် ရိတ်သိမ်းနိုင် တာဖြစ်ပါတယ်။ ရိတ်သိမ်းပြီးမြက်ကိုစဉ်းပြီး တစ်ကီလိုကို ၃ ဘတ်နှုန်း (တစ်ပိသာကျပ် ၁၅၀ ) နဲ့ နွားမွေး သူတွေကို ရောင်းစားနေပါတယ်။ ရိတ်သိမ်းပြီး မြက်ကိုစနစ်တကျ သိမ်းဆည်းမယ်ဆိုရင် ခြောက်လအထိ ထားနိုင်ပြီး ကျွဲနွားတွေကို ကျွေးနိုင်ပါတယ်။ စိုက်နည်းက ကြံစိုက်နည်းနဲ့ သိပ်မကွာပါ။ ရိတ်သိမ်းတဲ့ အခါ မှာလည်း ကြံပင်လိုပဲ အရင်းကနေ ခုတ်ယူရပါတယ်။

မြန်မာနိုင်ငံအနေနဲ့က စပါးစိုက်တာထက်စာရင် ဒီမြက်အမျိုးအစားကို စိုက်ပြီးကျွဲနွား မွေးရောင်းမယ်ဆို ရင် ပိုပြီးတွက်ခြေကိုက်မှာ သေချာပါတယ်။

အခုအခါ ထိုင်းနိုင်ငံမှာ ဒီမြက်အမျိုး အစားကနေ ဘိုင်အိုဂဲက်စ်ထုတ်လုပ်ပြီး လျှပ်စစ်မီးနဲ့ မီးဖိုချောင်သုံး ဂဲက်စ် အယ်လ်ပီဂျီ ထုတ်လုပ်ဖို့ကို ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၁၀ စီမံကိန်းအရ လျှပ်စစ်မီးမဂ္ဂါဝပ် ၃၀၀၀ ထုတ်လုပ် နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်။ မြက်စိုက်ဧက ၁ သန်း ၂ သိန်းလိုအပ်ပါတယ်။ လျှပ်မီး တစ်မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ မြက်စိုက်ဧက ၄၀၀ လိုတယ်။ လျှပ်စစ်စက်ရုံအတွက် ဘတ်ငွေသန်း ၁၀၀ (အ မေရိကန်ဒေါ်လာ ၃ သန်းခွဲခန့်) ကုန်ကျမှာဖြစ်တယ်။ အဲဒီကုန်ကျငွေတွေကို အတိုးနှုန်း ၇ ဒသမ ၃ ရာ ခိုင်နှုန်းနဲ့ ချေးယူပြီး ရင်းနှီးမယ်ဆိုရင်တောင် လျှပ်မီးရောင်းရငွေ၊ ဘိုင်အိုဂဲက်စ်ရောင်းရငွေနဲ့ စွန်ပစ်မြက် ပင်မှ မြေသြဇာထုတ်လုပ်မှုက ပြန်ရငွေအားလုံး ပေါင်းလိုက်ရင် ခြောက်နှစ်အတွင်း အရင်းကြေမယ်လို့ ထိုင်းစွမ်းအင် ၀န်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒေသအလိုက် ထိုင်းပြည်သူတွေ လုပ်ဆောင်မယ်ဆိုရင် ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်းငွေ ထုတ်ပေးမယ်လို့လည်း ဖိတ်ခေါ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ နေပီယားပါ့ခ်ချော့တ်ခ် ၁ မြက်လို့ခေါ်ပါတယ်။နေပီယားပါ့ခ်ချော့တ်ခ် ၁ မြက်အမျိုးအစားကို ထိုင်းနိုင်ငံမှာ ကျွဲနွားအစာအဖြစ် ရည်ရွယ်ပြီး၊ ထိုင်းနိုင်ငံ အရှေ့မြောက်အရပ်မှာရှိတဲ့ နခေါန်ရတ်ခ်ျစီမား တိရစ္ဆာန်အစာဖွံ့ဖြိုးရေး သုတေသနဌာနက နိုင်ငံခြားမြက်မျိုးကို ထိုင်းနိုင်ငံနဲ့သင့်လျော်တဲ့ အမျိုးအဖြစ် ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မဲဆောက်မြို့က မြ၀တီနယ်စပ် ဂိတ်တစ်ဖက်ခြမ်းမှာရှိတဲ့တွက် မြန်မာနိုင်ငံက လေ့လာချင်သူတွေကျောင်း ဆရာ (အငြိမ်းစား) မြက်ခြံကို လာရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်လေ့လာပြီးတင်ပြလိုက်တာ ဖြစ်ပါတယ်။
Mizzima - News in Burmese