လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု ၁၁ လပြည့် အထိမ်းအမှတ်အဖြစ် ဒေသခံများ ဆန္ဒပြ

ပို့စ်တင်ချိန် - 10/31/2013 11:52:00 AM

လက်ပံတောင်းတောင်ဒေသခံများ အောက်တိုဘာ ၂၉ ရက်က ဆန္ဒပြနေစဉ်

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံများက အောက်တိုဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြသူများကိုအကြမ်းဖက်နှိမ်နင်းမှု ၁၁လပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေးအပါအ၀င် အချက် ၇ ချက်ကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီမှ ၄ နာရီအထိ တုံရွာထိပ်မှ ဆက်ဆံရေးရုံးရှိသည့် ဆည်တည်း-ဇီးတောရွာသစ်အထိ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ဒေသခံများ ဆန္ဒပြရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မီးလောင်ဗုံး အကြမ်းဖက်တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်း အကြမ်းဖက်မှု တရားခံများ ဖော်ထုတ်အရေးယူပေးရေး၊ ဒေသခံ၊ လွှတ်တော်နှင့် သမ္မတကြီးတို့အား လိမ်ညာမှုများ ပြုလုပ်နေသော လုပ်ငန်းဖော်ဆောင်ရေးကော်မတီ အလိုမရှိ၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များ ကျော်လွန်လုပ်ဆောင်မှုများ ချက်ချင်းရပ်၊ ဥပဒေမဲ့ အကြမ်းဖက်မှုများ မြေယာတွင်း သီးနှံဖျက်ဆီးမှုများ အရေးယူပေးရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဝန်းကျင် ပတ်ပတ်လည်တွင် ရဲကင်းများ တည်ဆောက်ခြင်း သံဆူးကြိုးများ ကာရံခြင်းတို့ကို စက်တင်ဘာလကုန်မှစ၍ ပြုလုပ်လျက်ရှိရာ လက်ပံတောင်းတောင်ဝန်းကျင် ကျေးရွာများက တားမြစ်ရန် ကြိုးစားရာမှ အောက်တိုဘာ ၆ရက်တွင် လက်ပံတောင်း ဒေသခံကျေးရွာများနှင့် ဒေသအာဏာပိုင်များ တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

''ဒေသခံတောင်သူတွေအနေနဲ့ လျော်ကြေးယူမထားတဲ့ ယာမြေတွေထဲ ရဲကင်းတွေ ဖယ်ပေးဖို့၊ စိုက်ခင်းသီးနှံတွေကို ရဲကင်းဆောက်ရင်း သံဆူးကြိုးကာရင်း မဖျက်ဆီးဖို့၊ ခြံစည်းရိုးတွေဖယ်ပေးဖို့၊
ပြည့်သူ့ဆန္ဒကို အမှန်တကယ် ဖော်ဆောင်ပေးဖို့ အချက် ၄ ချက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ရေရာတဲ့ အဖြေမရဘဲ အထက်ကို တင်ပြပေးပါ့မယ်လို့ပဲ ပြောပါတယ်။ မီးလောင်ဗုံး အကြမ်းဖက် နှိမ်နင်းတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပေမယ့် တရားခံလည်း ဖော်ထုတ်မပေးပါဘူး''ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group