ဒေသခံများအတွက် လျော်ကြေးငွေကိစ္စ မပြေလည်သေးသည့်တိုင် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဧရာဝတီမြစ်ဖြတ် စီမံကိန်းအသစ်တစ်ခု ထပ်မံပြုလုပ်ရန် ပြင်ဆင်လျက်ရှိ

ပို့စ်တင်ချိန် - 10/31/2013 01:22:00 PM


၂၀၁၀ ပြည့်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည့် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မကွေးတိုင်း ရေနံချောင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းမှယာမြေပျက်စီးခဲ့သည့် ဒေသခံတောင်သူများအတွက် လျော်ကြေးငွေကိစ္စများ ပြေလည်အောင် မဖြေရှင်းရသေးသည့်တိုင် ဧရာဝတီမြစ်အားဖြတ်၍ အရံပိုက်လိုင်းအသစ်တစ်ခု ထပ်မံတည်ဆောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

အဆိုပါ အရန်ပိုက်လိုင်းအား အောက်တိုဘာ ၂၈ ရက်တွင် စတင်အကောင်အထည်ဖော်ရန် ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ ပိုက်လိုင်း မြစ်အောက်ကြမ်းပြင်အတွင်း စတင်ဝင်ရောက်ရာ ပွင့်ဖြူမြို့နယ် ခုံစုကျေး ရွာအနီးတွင် အောက်တိုဘာ ၂၅ ရက်က မြေတူးမှုများ လာရောက်ပြုလုပ်ခဲ့သော်လည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် သတ်မှတ်ရက်အတွင်း လုပ်ငန်းဆက်လက် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

''ပထမအကြိမ်တုန်းက လျော်ကြေးပေးထားတဲ့ ဧရိယာထက် ပိုပျက်စီးခဲ့တဲ့ ယာမြေတွေအတွက် အဆင်ပြေမှုမရသေးလို့ နောက်တစ်ကြိမ်ထပ်မလုပ်ဖို့ ယာရှင်တွေက ၀ိုင်းပြောတော့ လျော်ကြေးပေးမှာပါလို့ စကားပြန်က တစ်ဆင့်ပြောသွားတယ် အရင်တစ်ကြိမ်က ပျက်စီးမှုတွေအတွက် အခုနှစ် သြဂုတ်လပိုင်းအပြီး ရှင်းပေးမယ်ပြောခဲ့ပေမယ့် အခုထိ ဘယ်သူမှ လျော်ကြေး ထပ်မရသေးဘူး အခု စီမံကိန်းအသစ်အတွက်က ကျွန်တော်တို့ရွာ က တောင်သူခုနှစ်ဦးရဲ့ ယာမြေ ရှစ်ဧကလောက် ပျက်စီးခဲ့ပါတယ်'' ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ ကိုဇော်ဇော်က ပြောကြားသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မြစ်အောက်ခြေသို့ ပိုက်လိုင်း လိုဏ်ခေါင်းစတင် ဖောက်ရာ ရေနံချောင်းမြို့နယ် ၀က်မစွတ် ကျေးရွာအနီးတွင် အောက်တိုဘာလလယ်ပိုင်းက လမ်းများပြုပြင်ခြင်း ပိုက်လုံးများ ချထားခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း မြစ်ရေ အနည်းငယ် ပြန်လည်တက်လာခြင်းကြောင့် လုပ်ငန်းများ ဆိုင်းငံ့ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၂ ခုနှစ်က မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်များအတွက် စာသင်ကျောင်းဆောင်များ လာရောက်တည် ဆောက်ခဲ့စဉ်က နေပြည်တော်မှ ပိုက်လိုင်း တာဝန်ခံများက ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးလျင် မြေယာဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ပျက်စီးမှုများအား သီးသန့် တစ်ခေါက်ထပ်မံစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သော်လည်း လာရောက်စစ်ဆေးမှု မရှိခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် မုံကန်ကျေးရွာမှ ပိုက်လိုင်း ဖြတ်သန်းခံရသော်လည်း လျော်ကြေးငွေမရရှိ၍ တိုင်ကြားခဲ့သည့် တောင်သူနှစ်ဦးအား မမှန်သတင်းပေး တိုင်ကြားမှုဖြင့် တရားစွဲဆိုခံထားရကြောင်း ကာယကံရှင်များထံမှ သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စကုမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး တည်ဆောက်သည်ကို တွေ့ရစဉ်
Eleven Media Group