အလိုမတူဘဲ သားမယား ပြုကျင့်သူ ဖမ်းမိ

ပို့စ်တင်ချိန် - 11/17/2013 02:23:00 PM


ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင် ကျေးရွာအုပ်စု စစ်တောင်းမြစ် တစ်ဖက်ကမ်း ဘိုတဲစုတွင် မိဘများ တောင်ယာ အလုပ်သွားနေခိုက် တဲတွင် မိန်းကလေး တစ်ဦးတည်း ရှိနေစဉ် တစ်ရွာ တည်းနေသူက အနီး ကြံခင်းထဲ ဆွဲခေါ်ကာ အလိုမတူဘဲ သားမယား ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက တောင်ယာလုပ်ကိုင်ရင်း ဘိုတဲစုတွင် မ....၁၄ နှစ်သည် မိဘများ အလုပ်သွားနေစဉ် တဲတွင် တစ်ဦးတည်း ရှိနေခိုက် တစ်ရွာတည်းနေ သန်းဝင်း ၄ဝ နှစ် ရောက်ရှိ လာပြီး မ....အား လိုက်ခဲ့ရန် ပြောရာ မ....က မလိုက်နိုင်ဟု ပြန်ပြောခဲ့ကြောင်း၊ ထို့နောက် သန်းဝင်းက မ....၏ လက်ကို ဆွဲခေါ်သွားခဲ့ပြီး တဲအနောက်ဘက် ကြံခင်းထဲအရောက် တွန်းလှဲကာ သားမယား အဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သည်။

မ....သည် နေအိမ်တဲကို ပြန်ရောက်သွားခဲ့ရာ နေအိမ်တွင် လူမရှိသည့်အပြင် အိမ်နီးချင်းများလည်း မရှိ သဖြင့်နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် အခင်းဖြစ်သည့်နေ့ ညနေ ၅ နာရီ၌ သန်းဝင်းနှင့် ၎င်း၏ ၁၅ နှစ် အရွယ် သမီးဖြစ်သူတို့ ရောက်လာခဲ့ပြီး မ...အား နေအိမ်သို့ လိုက်အိပ်ရန် ခေါ်ပြီး ညအိပ်ရာ ဝင်ရာတွင် မ....သည် သန်းဝင်း၏ သမီးဖြစ်သူနှင့် အတူ အိပ်နေစဉ် ည ၁ဝ နာရီတွင် သန်းဝင်းက မ....အား သားမယားအဖြစ်ထပ်မံပြုကျင့်သည် ကို ၎င်း၏သမီးဖြစ်သူသိရှိခဲ့သည်။ နောက်တစ်နေ့တွင် မ....က အလိုမ တူဘဲ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း မိဘ အုပ်ထိန်းသူများကို ပြောပြခဲ့ပြီးနောက် နိုဝင်ဘာ ၁၂ ရက်က ရေတာရှည် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ရာ ရဲစခန်းမှ(ပ) (၃၅၃/၂ဝ၁၃)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့သည်။ စခန်းမှူး ဒုတိယရဲမှူး ကျော်ဇေယျ၊ ဒုတိယ ရဲအုပ် ကျော်စိုးမိုးနှင့် ရဲတပ်ဖွဲ့ဝင်များက အဖွဲ့များ ဖြန့်ခွဲ၍ ညတွင်းချင်း အခင်းဖြစ်ရပ် စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ သန်းဝင်းအား ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မြ၀တီ