မန္တလေး ဘုန်းကြီးကျောင်းဝင်းများ အတွင်း စီးပွားရေးလုပ်ငန်း တစ်ရာကျော် ရှိဟုဆို

ပို့စ်တင်ချိန် - 11/17/2013 02:37:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၄

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ဘုန်းကြီးကျောင်းဝင်း များအတွင်း ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းများကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းခန့်က စာရင်း ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း တစ်ရာကျော် ရှိကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမှာ သင့်လျော်မှု မရှိခြင်းနှင့် လုပ်ကိုင်သည့် လုပ်ငန်းများကို လိုင်စင် ချထားပေးခြင်း မရှိသည့်အပြင် အရေးယူ၍ မရသောကြောင့် ထိန်းသိမ်းပေးရန် သံဃနာယက အဖွဲ့သို့လည်း စာပို့ အကြောင်းကြားမည် ဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းဝင်း များအတွင်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်း စာရင်းများကို စစ်ဆေး ကောက်ယူခဲ့ရာ လုပ်ငန်းပေါင်း ၁၀၇ ခုရှိ ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“စာရင်းလုပ်ပြီးတော့ ဒီအပတ်ထဲပဲ မြို့တော်ဝန်ဆီ တင်ပြထားပြီးပါပြီ။ ဘယ်လို ညွှန်ကြားမလဲတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် စီးပွားရေး လုပ်ငန်းနဲ့ သာသနာ့ နယ်မြေနဲ့က ဘယ်လိုမှ အပ်စပ်မှု မရှိဘူးလေ” ဟု ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းဝင်းများတွင် လုပ်ကိုင်သည့် လုပ်ငန်းများမှာ ပုလင်းခွံ၊ သံတိုသံစ ရောင်းဝယ်ရေး၊ ကားဝပ်ရှော့ စသည့် လုပ်ငန်းများ ဖြစ်ပြီး အများစုမှာ ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ငန်းများ ဖြစ်ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

“ကိုယ့်ရပ်ကွက်နဲ့ ကိုယ်၊ ကိုယ့်ဘုန်းကြီးနဲ့ ကိုယ် ဆိုတော့ ဘုန်းဘုန်းကို ခွင့်တောင်းပြီး လုပ်ကြတာပါပဲ။ စည်ပင်က စာရင်းတွေ ကောက်နေတယ်။ သံဃနာယကက တစ်ဆင့် ဖယ်ခိုင်းမယ် ဆိုတာတော့ မသိပါဘူး” ဟု အောင်မြေသာစံ မြို့နယ်တွင်းရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ပုလင်းခွံ၊ အိတ်ခွံ ရောင်းဝယ်ရေး လုပ်ကိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

The Voice Weekly