လေဒီဂါဂါ၏ ARTPOP တေးအယ်လ်ဘမ် နိုဝင်ဘာ ၁၁ ရက်တွင် ဖြန့်ချိမည်

ပို့စ်တင်ချိန် - 7/15/2013 10:28:00 AM


ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ လေဒီဂါဂါသည် application အသစ်ဖြင့် ထုတ်လုပ်ထားသော သူမ၏ ARTPOP တေးအယ်လ်ဘမ်သစ်ကို နိုဝင်ဘာ ၁၁ ရက်တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်သော application အသစ်ကို ARTPOP တေးအယ်လ်ဘမ်တွင် ထည့်သွင်းနိုင်ရန် TechHaus နည်းပညာ ကုမ္ပဏီမှ တီထွင် ပေးခဲ့ခြင်း ဖြစ်သည်။ ယင်း application သစ်ဖြင့် ထုတ်လုပ်မည့် သူမ၏ ARTPOP တေးအယ်လ်ဘမ် သည် ဂီတသက်တမ်း တစ်လျှောက် အထူးခြားဆုံး ရသကို ပရိသတ်များထံသို့ ပေးစွမ်းနိုင်မည်ဟု လေဒီဂါဂါက မျှော်လင့်ထားသည်။

အဆိုပါ ARTPOP application အသစ်ကို ပရိသတ်များ အနေဖြင့် အသုံးပြု၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို မိတ်ဆွေများအား မျှဝေနိုင်သည့်အပြင် တစ်ဦးနှင့်တစ်ဦးလည်း ယင်း application အသစ်မှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နိုင်ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် ARTPOP တေးအယ်လ်ဘမ်မှ တေးသီချင်းများကို နားဆင်နိုင်မည် ဖြစ်ကြောင်း လေဒီဂါဂါက သူမ၏ ဖေ့စ်ဘွတ်ဝက်ဘ်ဆိုက်တွင် ရှင်းလင်း ပြောကြားထားသည်။