ဂျပန်နိုင်ငံကို ၂ဝ၁၄ ခုနှစ်မှာ မြန်မာ့ဆန် ပြန်လည် တင်ပို့တော့မည်

ပို့စ်တင်ချိန် - 7/15/2013 10:30:00 AM


လာမယ့် ၂ဝ၁၄ ခုနစ် အတွင်း ဂျပန်နိုင်ငံကို ဆန်တန်ချိန် ၅ သောင်း တင်ပို့သွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

နှစ်ပေါင်းများစွာ ဂျပန်နိုင်ငံကို ဆန်တင်ပို့မှု ရပ်ဆိုင်းထားခဲ့ရာက ဒီနှစ်ကစပြီး ပြန်လည်တင်ပို့လာတာပါ။

လာမယ့်နှစ် အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က RFA ကို ခုလို ပြောပါတယ်။

"အကိုတို့က ဂျပန်နိုင်ငံကို တန်ချိန် ငါးထောင်ပေါ့နော်၊ ဒါကတော့တကယ့်ကို တန်းမြင့်ဆန် တကယ့် အရည်သွေးမြင့်ဆန်၊ ကမ္ဘာမှာလည်းပဲ ဒီဆန်သည် အဆင့်အတန်းအမြင့်ဆုံးပဲ ဒီတန်းမြင့်ဆန်ကို အကိုတို့ တင်ပို့ရောင်းချတယ်၊ နောက်စားကွဲလည်း တင်ပို့ရောင်းချတယ်၊ လာမယ့်ရာသီမှာ တန်ချိန် ငါးသောင်းလောက်အထိ တင်ပို့ရောင်းချဖို့လည်း ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ဂျပန်နိုင်ငံအပါအဝင် ဥရောပဈေးကွက် တန်းမြင့်ဆန်သွားတဲ့ ဈေးကွက်တွေကို ပိုပြီးတော့ ဦးစားပေးပြီးတော့ တင်ပို့ရောင်းချဖို့ အကိုတို့မှာ စက်တွေလည်း အဆင်သင့်ဖြစ်နေပြီ၊ အထူးပြု ကုမ္ပဏီတွေရောအားလုံးက ပူးပေါင်းဆောင်ရွက်တက်တဲ့ အလေ့အထတွေဖြစ်လာပြီ"

ဂျပန်နိုင်ငံအပြင် ဥရောပဈေးကွက်ကို ၅ မတ်တန် တန်းမြင့် (၁ဝဝ% နီးပါး အဆင့်မြင့်ဆန်) ဆန်တန်ချိန် တထောင်ကျော် တင်ပို့ထားနိုင်ပြီးဖြစ်သလို လာမယ့် ၂၀၁၄ ခုနစ်မှာ အင်ဒိုနီးရှားနိုင်ငံကို ဆန်တန်ချိန် ၅ သိန်းတင်ပို့ဖို့ သဘောတူညီထားတယ်လို့လည်း သိရပါတယ်။

မြန်မာအနေနဲ့ ဂျပန်နိုင်ငံကို ဆန်ပြန်လည်တင်ပို့နိုင်ခဲ့သလို ရန်ကုန်တိုင်း သံလျင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်တွေမှာလည်း ဂျပန်နိုင်ငံ အကူအညီနဲ့ အဆင့်မြင့် ဆန်ကြိတ်ခွဲ သန့်စင်စက်ရုံတွေ တည်ဆောက်နေပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ပြည်ပကို ဆန်တန်ချိန် ၁၂ သိန်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပြီး ဒီနှစ်ထဲမှာ ၁၄ သိန်း၊ ရှေ့လာမယ့် ၂၀၁၄ ခုနှစ်မှာ ၁၅ သိန်း တင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

RFA Burmese