တေးသံရှင် ဆိုတေး အခြေအနေ ပြန်လည် ကောင်းမွန်

ပို့စ်တင်ချိန် - 7/16/2013 02:00:00 PM


မန္တလေး၊ ဇူလိုင် ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသည့် တေးသံရှင် ဆိုတေး၏ ယမန်နေ့ညက အရေးပေါ် ကုသမှု ခံယူပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုတေး၏ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးမှာ ဦးခေါင်းပိုင်းတွင် အပြင်းအထန် ဒဏ်ရာ ရရှိထားသောကြောင့် သတိမရသေးဘဲ ဦးခေါင်းတွင် ထိခိုက် ထားသောကြောင့် ဆေးရုံမှ ဆရာဝန်ကြီးများက အထူး စောင့်ကြည့်လျက် ရှိကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အခြေအနေကတော့ ကောင်းလာပါပြီ။ သတိတော့ ဝင်နေပါတယ်။ ဆရာဝန်ရဲ့ မှတ်ချက်အရကတော့ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတိရ မယ်၊ အခြေအနေကတော့ တော်တော်လေး ကောင်းလာပါပြီ” ဟု ဦးရဲမြင့်အောင်က ထပ်မံ ပြောကြားသည်။

အဆိုပါ ယာဉ် တိမ်းမှောက်ရာတွင် ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စီးနင်း လိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချော ကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးသွား ခဲ့ပြီး မစံပယ်မွန် အသက်(၁၈) နှစ်သည် မန္တလေးဆေးရုံကြီး အရိုး ကုသဆောင်မှ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက ဆင်းသွားခဲ့ကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်း ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေ ရှိသည့် ယာဉ်သွားလမ်း နှစ်လမ်း ပါရှိကြောင်း၊ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွန်ကြားရေးမှူးရုံးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့က တာဝန်ယူ ဖောက်လုပ် ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ အဆိုပါ အမြန်လမ်းပေါ်တွင် ယာဉ် မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
The Voice Weekly