သီတဂူဆရာတော် မြစ်ကြီးနားမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေး

ပို့စ်တင်ချိန် - 7/16/2013 02:07:00 PM



သီတဂူဆရာတော် အရှင်ဥာဏိဿရဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် တောင်တန်းသာသနာပြုကျောင်း သီတဂူစက္ခုဒါနဆေးရုံမှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပါတယ်။

ဝေဒနာရှင်တွေကို ကုသပေးနေပုံနဲ့ ပတ်သက်ပြီး သီတဂူဆရာတော် အရှင်ဥာဏိဿရက RFA ကို အခုလိုမိန့်ပါတယ်။

"တချို့ ၁ဝ မိုင်လောက်ကို လမ်းလျှောက်လာရတယ်၊ ဒီနေ့မြစ်ကြီးနားမှာ ခန့်မှန်းခြေ ၂ ထောင်လောက်လာခဲ့မယ်ထင်တယ်၊ အဲထဲက ၃ ရာလောက်ခွဲပေးမယ်လို့ ခန့်မှန်းထားတယ်"

ဒီကနေ့မှာ မျက်စိဝေဒနာရှင်အယောက် နှစ်ရာကျော်ကို စမ်းသပ်ပေးနေတာဖြစ်ပြီး ညနေပိုင်းမှာ ဝေဒနာရှင် ငါးဆယ့်ခြောက်ယောက်ကို ခွဲစိတ်ကုသပေးမှာဖြစ်တယ်လို့ သီတဂူသာသနာပြု အထောက်အကူပြုအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမြင့်ဝေက အခုလိုရှင်းပြပါတယ်။

"ခွဲစိတ်မယ့်လူနာကတော့ ပထမဆုံးတင်ပြထားတာကတော့ ရွှေပါရမီဖောင်ဒေးရှင်းက ပထမဆုံးဖြည့်ထားတဲ့ဟာတွေက ၂ဝ၁ ယောက်ရှိတယ်၊ အခုကျနော်တို့ဆီလာပြတာ ၁ဝ၂ ယောက်ပဲရှိသေးတယ်၊ အဲဒီထဲကမှ ပြန်စစ်တဲ့အခါ clear ဖြစ်တဲ့လူနာက ၅၆ ယောက်ဖြစ်တယ်၊ ကျန်တဲ့လူနာတွေကတော့ နောက်ဆုံးရက် ၂ဝ ရက်နေ့မှာခွဲပေးဖို့ စီစဉ်ထားပါတယ်၊ ခုညနေပိုင်းကို ၅၆ ယောက်ခွဲပါပြီ၊ ရက်ကွက်ကျေးရွာတွေကိုလည်း ကျနော်တို့ဒီကနေ အဖွဲ့တွေလွှတ်ပြီးတော့မှ အသံချဲု့စက်နဲ့လိုက်ပြီး ကြော်ငြာခိုင်းထားပါတယ်"

ဒီလိုအခမဲ့လာရောက်ကုသနေကြတဲ့ မျက်စိဝေဒနာရှင်တွေနဲ့ လူနာစောင့်ရှောက် အကူအညီပေးနေသူတွေအားလုံးအတွက် အစောပိုင်းရက်တွေက ရွှေပါရမီဖောင်ဒေးရှင်းက လှူဒါန်းပေးခဲ့ပြီး ဇူလိုင်လ ၁၆ ရက်မနက်ဖြန်ကစပြီး ၂၁ ရက်နေ့အထိ ထူးဖောင်ဒေးရှင်က လှူဒါန်းပေးတာလို့ ဦးမြင့်ဝေက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အခုလိုလာရောက်ကုသပေးတာဟာ လေးကြိမ်မြောက်ဖြစ်ပြီး မျက်စိဝေဒါနာရှင် ၆ဝဝဝ ကျော်ကို စမ်းသပ်ပေးခဲ့ပြီးတော့ ၇ဝဝ ကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

မြန်မာပြည်မြောက်ဖျား ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်ကနေ ၁၄ ရက်နေ့အထိ မျက်စိဝေဒနာရှင်ဒေသခံ အယောက်တစ်ထောင်ကျော်ကို စမ်းသပ်ပေးခဲ့ပြီး တစ်ရာ့ငါးဆယ်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။

RFA Burmese