ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာချီးနှင့် ခြင်္သေ့မြို့ပြနိုင်ငံ

ပို့စ်တင်ချိန် - 9/23/2013 09:12:00 AM




Written by - ဒေါက်တာရန်မျိုးသိမ်း

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူလူထု၏ ခေါင်းဆောင် အဖြစ်သာမက အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်အထိ မျှော်မှန်းခဲ့ကြသည်မှာ ကျွန်တော်တို့၏ နိုင်ငံရေး လောဘဟုပင် ဆိုရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များသည် မြန်မာ့နိုင်ငံရေး၊ မြန်မာ့ပြုပြင် ပြောင်းလဲရေး၏ပုံရိပ်၊ အထူးသဖြင့် မြန်မာ့အတိုက်အခံ နိုင်ငံရေးတို့အတွက် အလွန်အရေးကြီးသည်ဟု ကောက်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြင်္သေ့မြို့ပြနိုင်ငံ သို့မဟုတ် စင်ကာပူကျွန်းနိုင်ငံသို့ ခရီးစဉ်သည်လည်း ဒေသတွင်း နိုင်ငံရေးအတွက် သာမက ကမ္ဘာ့နိုင်ငံကြီးများ၏ ဒေသတွင်း သြဇာထိန်းညှိမှုများ အတွက်လည်း အလွန်ပဓာန ကျသည်ဟု သုံးသပ်နိုင်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် တရားရေးဝန်ကြီး မစ္စတာ ကေရှန်မူကန်၏ ဖိတ်ကြားချက်အရ အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် စင်ကာပူသမ္မတ နိုင်ငံသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက် မှ စက်တင်ဘာလ ၂၄ ရက် အထိ သွားရောက်လျက်ရှိသည်။ စင်ကာပူ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် သီးသန့် အထူးလေယာဉ်တစ်စင်း စီစဉ်ပေးခဲ့ပြီး ချန်ဂီလေဆိပ်တွင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဟောင်းဂျော့ရိုက ကြိုဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီးလည်း အထူးလေယာဉ်နှင့်အတူ လိုက်ပါသွားခဲ့သည်။

စင်ကာပူ သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ စက်တင်ဘာ ၁၉ ရက်စွဲပါ ထုတ်ပြန်ကြေညာချက်အရ ငါးရက်ကြာ စင်ကာပူ သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံ သမ္မတကြီး တိုနီတန်ကန်ရမ်၊ ၀န်ကြီးချုပ်လီရှန်လုံး၊ ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်၊ လွှတ်တော်ဥက္ကဋ္ဌ မဒမ်ဟာလီရာမာယာကော့ပ်၊ ၀န်ကြီးချုပ်ရုံးဝန်ကြီး ဂရေ့စ်ဖူတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် စက်တင်ဘာ ၂၁ ရက် တွင် စင်ကာပူနိုင်ငံ၊ ချန်ဂရီလာဟိုတယ်၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် စင်ကာပူထိပ်သီး အစည်းအဝေးနှင့် စက်တင်ဘာ ၂၂ ရက်တွင် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်၏ အာရှပြည်သူ့ရေးရာ သင်ခန်းစာ အစီအစဉ်၏ ဟိုရီဝါခေါင်းဆောင်မှု အစီအစဉ်တို့၌ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

စင်ကာပူ သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ဝင် နိုင်ငံများတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလည်အပတ် လာရောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်သည်။ စင်ကာပူနိုင်ငံသည် မြန်မာ့အပြောင်းအလဲနှင့် ဟန်ချက်ညီညီ ရွေ့လျားရန် ပြင်ဆင်အားထုတ်နေသည့် ဒေသတွင်း နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း စင်ကာပူအစိုးရ၏ ပြင်ဆင်ဆောင်ရွက် မှုများသည် မြန်မာ့နိုင်ငံရေး ဗိသုကာ တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အ၀ါကို တန်ဖိုးထားကာ ရေရှည်အကျိုး စီးပွားအတွက် မျှော်မှန်းချဉ်းကပ် ပြင်ဆင်လျက် ရှိနေသည်ဟု သုံးသပ်နိုင်သည်။

ခြင်္သေ့မြို့ပြနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို နွေးထွေးစိတ်လှုပ်ရှားဖွယ်ရာ ဧည့်ဝတ်ကျေပွန်မှုများ အကြားတွင် တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေ သို့မဟုတ် ရဲဘော်ဖြစ်ခဲ့သူ အတိုက်အခံ နိုင်ငံရေးသမားနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဒေါက်တာ ချီးဆွန်ဂျူအန်၏ ပုံရိပ်များက ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ဒေါက်တာချီးသည် စင်ကာပူ ဒီမိုကရက်တစ်ပါတီ၏ လက်ရှိခေါင်းဆောင်နှင့် အတွင်းရေးမှူး ချုပ်ဖြစ်ပြီး စင်ကာပူနိုင်ငံ၏ အတိုက်အခံ နိုင်ငံရေး လောကတွင် ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်သည်။ နိုင်ငံရေး ပြဿနာများနှင့် ပတ်သက်၍ အများပြည်သူကို မိန့်ခွန်းပြောကြားခြင်း သို့မဟုတ် ဆန္ဒပြစီတန်း လှည့်လည်ခြင်းတို့ မပြုလုပ်မီ ရဲတပ်ဖွဲ့၏ ခွင့်ပြုမိန့်ကို ရယူဆောင်ရွက် ရမည်ဟု ဖော်ပြထားသော စင်ကာပူသမ္မတ နိုင်ငံ၏ ဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးခံ ထောင်ချခံခဲ့ရသော ဒေါက်တာချီးသည် စင်ကာပူ လွှတ်တော်အမတ်တစ်ဦး မဟုတ်သော်လည်း စင်ကာပူ နိုင်ငံရေးတွင် သြဇာကြီးမားသူ တစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက် ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့သောအခါ စင်ကာပူ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါက်တာချီးသည် ၀မ်းမြောက် ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသား ပေးပို့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနိုင်ရရှိမှုသည် မြန်မာနိုင်ငံကို နိုင်ငံတကာ ဒီမိုကရက်တစ် မိသားစုထံ ပြန်လည်အပ်နှံ နိုင်ရေးတွင် အရေးပါသော ခြေလှမ်းကြီးတစ်ရပ် ဖြစ်ခဲ့သည်ဟု ဒေါက်တာချီးက ထုတ်ဖော်ချီးမွမ်းခန်း ဖွင့်ခဲ့သည်။ သူသည် ခေတ်အဆက်ဆက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုဘက်မှ ရပ်တည်လျက် ထောက်ခံအားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဒေါက်တာချီးသည် ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး သူရေးသား ပြုစုခဲ့သော အာရှတိုက်မှ ဖိနှိပ်မှုများကို ဆန့်ကျင်လှုပ်ရှားမှုများ စာအုပ်တွင် သူမနှင့်မြန်မာနိုင်ငံမှ ဖိနှိပ်မှုများ အကြောင်းကို အခန်းတစ်ခန်း ထည့်သွင်းခဲ့သည်။ အဆိုပါ အခန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် မြန်မာအစိုးရ၏ နောက်ယောင်ခံ လိုက်သူများကို မည်သို့ မျက်ခြည်ပြတ်အောင် လုပ်ခဲ့ပုံနှင့် သူမနှင့် ရိုက်ကူးခဲ့သော ဓာတ်ပုံဖလင်များကို အင်္ကျီကော်လာ အောက်တွင်ထည့်ကာ နက်ကတိုင်နှင့် ကွယ်လျက် သည်းထိပ်ရင်ဖို ထုတ်ယူခဲ့ရပုံ များကိုလည်း ထည့်သွင်းရေးသားခဲ့သည်။ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ ခဲ့ပြီးနောက် မြန်မာအစိုးရသည် ဒေါက်တာချီးကို အမည်မည်းစာရင်းတွင် ထည့်သွင်းခဲ့သည်မှာ ၂၀၁၂ ခုနှစ် သြဂုတ် ၃၀ ရက်တွင် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်က ဖျက်သိမ်းခဲ့သည့် အချိန်အထိ ဖြစ်သည်။

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အလွန်ကာလ ဇွန် ၄ ရက်တွင် ဒေါက်တာချီးဆွန်ဂျူအန်သည် မြန်မာနိုင်ငံ စစ်အစိုးရ အနေဖြင့် အတိုက်အခံ ခေါင်းဆောင်နှင့် နိုဗယ်ဆုရှင်ကို ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် ဖမ်းဆီးခြင်းကို စင်ကာပူ ဒီမိုကရက်တစ်ပါတီက ဆန့်ကျင်ရှုတ်ချကြောင်း စင်ကာပူ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားမှုကို မဆိုင်းမတွ ပြစ်တင်ရှုတ်ချ သင့်ကြောင်းတို့ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒီပဲယင်းအလွန် ကာလတွင် စင်ကာပူ အစိုးရနှင့် အာဆီယံနိုင်ငံ အစိုးရများ၏ တုံဏိဘာဝေ နိုင်ငံရေး ရပ်တည်မှုသည် ဒေသတွင်း ရေရှည်နိုင်ငံရေး အကျိုးထက် အဆိုးဘက်ကို ပိုမိုယိမ်းယိုင်နိုင်ဖွယ် ရှိနေသည်ဟုလည်း ဒေါက်တာချီးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူ သမ္မတနိုင်ငံသို့ သွားရောက်နေသည့် အလည်အပတ် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် အတွင်းရေးမှူးချုပ် ဒေါက်တာချီးဆွန်ဂျူအန်နှင့် အလွတ်သဘော တွေ့ဆုံမှုပြုလုပ် လိမ့်မည်ဟု မျှော်လင့်ရသော်လည်း ဖြစ်နိုင် မဖြစ်နိုင်ကို အတပ်ပြောရန် ခက်ခဲနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာချီးတို့ နှစ်ဦးအကြား ဆက်ဆံရေးသည် နှစ်နိုင်ငံ ဒီမိုကရက်များ အကြားနှင့် နှစ်နိုင်ငံ လူထုလှုပ်ရှားမှုများအကြား အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်ဟု မှတ်ချက်ပြုနိုင်သည်။

စင်ကာပူ သမ္မတနိုင်ငံ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားရာတွင် အလွန်ကြီးကျယ် ခမ်းနားစွာ ဟိတ်ဟန်ကောင်းစွာ စီစဉ်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ စိတ်တံခါးပေါက်များ အားလုံးကို ငွေကြေး၊ ဂုဏ်အရှိန်အ၀ါတို့နှင့် ပိတ်ပင်၍ မရနိုင်သည်ကို သိရှိပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာချီးတို့အကြား တွေ့ဆုံမှုသည် ဒီမိုကရေစီ ၀ါဒကို မြတ်နိုးတန်ဖိုးထားသော နှစ်နိုင်ငံ ပြည်သူများအတွက် မည်မျှအရေးကြီးသည်ကို သိမြင်သည့် အလျောက် စင်ကာပူ အစိုးရ အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာချီးတို့အကြား တွေ့ဆုံမှုကို သဘောထား ကြီးကြီးထားလျက် စီစဉ်ပေးသင့်ပါကြောင်း ထပ်လောင်း အဆိုပြု လိုပါသည်။

အကယ်၍ မြန်မာ့အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်အဖြစ် လူသိများ ထင်ရှားသော ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပြီး၊ သူမ၏ လွတ်မြောက်ရေးကို နှစ်ပေါင်းများစွာ တောင်းဆို တိုက်ပွဲဝင်လာသူလည်းဖြစ်သူ ဒေါက်တာချီးတို့အကြား အလွတ်သဘော တွေ့ဆုံမှု အထမမြောက်ခဲ့လျှင် ဒေသတွင်း အတိုက်အခံ နိုင်ငံရေး ပလက်ဖောင်းကို ကြီးကြီးမားမား ဆုတ်ယုတ် ထိခိုက်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် သတင်းမီဒီယာများနှင့် ဒေသတွင်း အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများသည် မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင်ဟု သုံးနှုန်းခေါ်ဆို နေမှုများ အပေါ်တွင်လည်း သံသယမေးခွန်းများ ထုတ်ဆင့်လာနိုင်ဖွယ် ရှိနေသည်။

ဒေါက်တာချီးသည် စင်ကာပူ အစိုးရ၏ အတိုက်အခံ နိုင်ငံရေးအပေါ် တားမြစ်ပိတ်ပင်သည့် ဥပဒေများအောက်တွင် နှစ်ကာလရှည်ကြာ အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးမှ ချမှတ်ခဲ့သော ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူနှင့် ၀ါရင့်ဝန်ကြီး ဂိုချောက်တောင်တို့ကို ပေးရမည့် နစ်နာကြေးကို မပေးနိုင်သည့်အတွက် လူမွဲအဖြစ် ကြေညာခြင်း ခံခဲ့ရကာ ရွေးကောက်ပွဲများတွင် ၀င်ရောက် ရွေးချယ်ခံပိုင်ခွင့်ကို လက်လွတ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ဒေါက်တာချီး အဆိုပြုသော နစ်နာကြေးငွေ စင်ကာပူဒေါ်လာ သုံးသောင်းကို လက်ခံရန် လီကွမ်ယူနှင့် ဂိုချောက်တောင်တို့က သဘောတူခဲ့ပြီး ဒေါက်တာချီးက သူ၏နောက်ဆုံးထုတ် စာအုပ်ရောင်းရငွေထဲမှ ထုတ်နုတ် ပေးဆပ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ဒေါက်တာချီးအပေါ် လူမွဲအဖြစ် ကြေညာထားမှုအား တရားရုံးက ရုတ်သိမ်းခဲ့ပြီး ဖြစ်သည့်အလျောက် ဒေါက်တာချီးသည် စင်ကာပူနိုင်ငံ ပြင်ပသို့ လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည့်အပြင် ၂၀၁၆ ခုနှစ်တွင် ကျင်းပရန်ရှိသည့် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်။

အားနည်းချည့်နဲ့ လာနေသော အရှေ့တောင်အာရှ နိုင်ငံများ၏ အတိုက်အခံ နိုင်ငံရေး ပလက်ဖောင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသတွင်း အတိုက်အခံ နိုင်ငံရေး အင်အားစုများ၏ ခေါင်းဆောင်ကြီး တစ်ဦးပင်ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး ပါတီများ အားမကောင်းလျှင် ဒီမိုကရက်တစ် နိုင်ငံရေးစနစ် ဖွံ့ဖြိုးတိုးတက် ရေးမှာလည်း ချိနဲ့နေဦးမည် ဖြစ်သည်။ လက်ရှိမြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွင်လည်း အတိုက်အခံ နိုင်ငံရေးသည် တစ်စထက်တစ်စ အားနည်းချည့်နဲ့ လာနေသည်မှာ အရှိတရားပင် ဖြစ်သည်။ အဆိုးဆုံးမှာ အတိုက်အခံများသည် အတိုက်အခံ အလုပ်မလုပ် အစိုးရနှင့် အတိုက်အခံ မသဲကွဲ လုံးလားထွေးလား ဒီမိုကရက်တစ် နိုင်ငံရေးတွင် အတိုက်အခံ၏ အရေးပါမှုကို နားလည်မှုလွဲ အစိုးရနှင့် အတိုက်အခံ နှစ်ပါးသွား ကနေခြင်းကို အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု အယူလွဲ သတင်းမီဒီယာများက တစ်စတစ်စ အတိုက်အခံ လမ်းကြောင်းပေါ် ခြေစုံပစ်ဝင် အဆုံးသတ်မှာ အတိုက်အခံများသည် ကျားသနားမှ နွားချမ်းသာ အဖြစ်ကိုရောက် ပြည်သူလူထုက ဆင်းရဲမြဲ ဆင်းရဲ စသည့် အလွဲများထဲတွင် တ၀ဲလည်လည်ဖြစ်ကာ မုန့်လုံးစက္ကူကပ် နိုင်ငံရေး ခေတ်စားလာနေသည်မှာ ကြာပြီ ဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူ ခရီးစဉ်တွင် ဒေသတွင်း နိုင်ငံရေး အထူးသဖြင့် အတိုက်အခံ နိုင်ငံရေး ပလက်ဖောင်းတွင် အရေးပါသော စောင့်ကြည့်ရမည့် ခြေလှမ်းအချို့ကို လှမ်းပြကောင်း၊ လှမ်းပြနိုင်လိမ့်မည်ဟု မရဲတစ်ရဲ မျှော်လင့်မိသည်။ မြန်မာအစိုးရ အဆက်ဆက်နှင့် ပေါင်းဖက်လျက် အကျိုးအမြတ် မြိုးမြိုးမြက်မြက် ရရှိနေသော ခြင်္သေ့မြို့ပြ နိုင်ငံ၏ အနေအထားကို သတိကြီးကြီးထား ချဉ်းကပ်နိုင်ရန် လိုအပ်လျက် ရှိနေသည်။ မြန်မာ့အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်ကြီးသည် ခြင်္သေ့မြို့ပြ နိုင်ငံရေး၏ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီများနှင့် ကင်းကွာလျက် ခြင်္သေ့မြို့ပြ နိုင်ငံရေးကို ချဉ်းကပ်မည်ဆိုလျှင် အထူးသဖြင့် ဒေါက်တာချီးကဲ့သို့ ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဖက် တစ်ယောက်၏ မှတ်ချက် စကားများကို နားမစွင့်ဘဲ နှစ်နိုင်ငံဘက်စုံ ဆက်ဆံရေးကို ဆန်းစစ်မည်ဆိုလျှင် မြန်မာ့နိုင်ငံရေး ငါးပါးမှောက်ကိန်း ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြင်္သေ့မြို့ပြ နိုင်ငံခရီးသည် ပြည်သူလူထုနှင့် အတိုက်အခံများနှင့် ကင်းကွာလျက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် စီးပွားရေး အီလစ်များ အကြား မိတ်ဆွေဖွဲ့ရုံ၊ လုံးထွေးရုံ သက်သက်သာ ဖြစ်ခဲ့မည်ဆိုလျှင် နှမြောဖို့ ကောင်းလေစွဟုသာ မှတ်ချက်ပြုရန် မှတစ်ပါး အခြားမရှိ ပါကြောင်း ကြေညာမောင်းခတ် လိုက်ရပါသည်။

စင်ကာပူ ထိပ်သီးညီလာခံ ဂုဏ်ပြုညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (Photo: AFP)
Eleven Media Group