ရခိုင် (၉) မြို့နယ်တွင် တပ်မတော် ရိက္ခာ အတွက် စပါးဝယ်ယူမည်

ပို့စ်တင်ချိန် - 12/05/2013 10:15:00 AM


ရခိုင် (၉) မြို့နယ်တွင် တပ်မတော် ရိက္ခာအတွက် စပါး ၀ယ်ယူသွားမည် ဖြစ်ကြောင် စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ကျေညာချက် ထုတ်ပြန်သည်။ဝယ်ယူမည့် စပါး အမျိုးအစားမှာ ဧည့်မထ အမျိုးအစား ဖြစ်ပြီး စပါးများကို တင်ဒါစနစ်ဖြင့် ၂၀၁၄ ခုနှစ် ဇန္န၀ါရီ (၁) ရက်နေ့မှ စတင် ၀ယ်ယူမည် ဖြစ်ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။တပ်မတော် ရိက္ခာအတွက် စပါးဝယ်ယူမည့် ရခိုင်ပြည်နယ်မှ မြို့နယ်များမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ စစ်တွေ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူနှင့် တောင်ကုတ်တို့ ဖြစ်ကြသည်။

ကိုယ်တိုင် စပါးစိုက်ပျိုး ထုတ်လုပ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ စပါးတင်း(၁၀၀)နှင့် အထက် ရောင်းချပေးသွင်းနိုင်သည့် တောင်သူများအနေဖြင့် မြို့နယ် (၉) မြို့နယ်အတွင်း ဧည့်မထ အမျိုးအစားစပါးကို ဒေသန္တရဈေးနှုန်းအရ လက်ငင်းပေးချေသည့်စနစ်ဖြင့် ရောင်းချ ပေးသွင်းနိုင်ကြောင်း ကျေညာချက်တွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ စပါးဈေးမှာ တောင်း ၁၀၀ ကို ကျပ် ရှစ်သောင်းနှင့် တစ်သိန်းအကြားတွင် ရှိကြောင်း သိရသည်။

narinjara burmese news