ကန်ဒေါ်လာ သန်းလေးထောင်တန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေး စစ်လက်နက် များ ထုတ်လုပ်ရန် Lockheed Martin Corp နှင့် ပင်တဂွန် စာချုပ်ချုပ်

ပို့စ်တင်ချိန် - 9/23/2013 08:58:00 AM



ဒုံးကျည် ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်ရန် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က Lockheed Martin Corp ကော်ပိုရေးရှင်းနှင့် အမေရိကန်ဒေါ်လာ သန်းလေးထောင် တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း ပင်တဂွန်၏ ထုတ်ပြန်ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုပါစာချုပ်အရ အမေရိကန် ဒေါ်လာသန်းလေးထောင်တန်ဖိုးရှိသော တိုက်ချင်းပစ် ဒုံးကျည်များကို လေထုထဲတွင်ပင် ပစ်ခတ်ဖျက်ဆီးပစ်နိုင်သော Terminal High Altitude Area Defense (THAAD) ဒုံးကျည် ကာကွယ်ရေးနှင့် ပတ်သက်သော စစ်လက်နက် ပစ္စည်းများကို အမေရိကန် ပင်တဂွန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံများသို့ အဆိုပါကုမ္ပဏီက ထုတ်လုပ် ရောင်းချမည် ဖြစ်သည်။

ယခုသဘောတူညီမှုအရ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံသို့ ဒုံးကျည် ကြားဖြတ် ပစ်ခတ်ချေမှုန်းရေး လက်နက် ၁၉၂ ခုနှင့် အမေရိကန် စစ်တပ်သို့ ၁၁၀ ခုရောင်းချသည့် အချက်များ ပါဝင်ပြီး အဆိုပါ လက်နက်များကို ယခုနှစ် ဒီဇင်ဘာလ ၃၁ မတိုင်မီ စတင်တပ်ဆင် အသုံးပြုမည် ဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားသည်။

အမေရိကန်စစ်တပ်နှင့် စာချုပ် ချုပ်ဆိုခဲ့သော အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ် THAAD နှင့် Aegis ပဲ့ထိန်း ဒုံးဖျက်စနစ်တို့ ပေါင်းစပ်အသုံးပြု၍ တာလတ်ပစ် ဒုံးကျည်နှစ်စင်းကို ကြားဖြတ် ပစ်ခတ်ဖျက်ဆီးနိုင်စွမ်း လက်တွေ့စမ်းသပ်ချက်ကို လွန်ခဲ့သော သီတင်းပတ်က အမေရိကန်စစ်တပ် က ပြသခဲ့သည်။

အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ဝယ်ယူရန် ကာတာနိုင်ငံနှင့် အမေရိကတို့ ဆွေးနွေးလျက် ရှိသကဲ့သို့ ဆော်ဒီအာရေးဗီးယား၊ ဂျပန်၊ တောင်ကိုရီးယားတို့ကလည်း စိတ်ဝင်စားလျက် ရှိသည်။

ထို့ပြင် ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ဖြင့် အမေရိကကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်စစ်တပ်က Aegis နှစ်စင်းကို အနောက်ပိုင်း ပစိဖိတ်ဒေသို့ လည်းကောင်း၊ THAAD ဒုံးကျည် ကာကွယ်ရေးစနစ်ကို ပစိဖိတ် သမုဒ္ဒရာရှိ ဂူအမ်ကျွန်းသို့ လည်းကောင်း ပို့ဆောင်ခဲ့သည်။
The Voice Weekly