မန်ယူကို ၄-၁ ဖြင့် ဂိုးပြတ်သွင်းသွားတဲ့ မန်စီတီး တို့ရဲ့ ဒါဘီပွဲ

ပို့စ်တင်ချိန် - 9/23/2013 11:40:00 AM


ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ စူပါဆန်းဒေး ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီး အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အီတီဟတ် အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အစဉ်အလာကြီးမားတဲ့ ဒါဘီပွဲ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုအတွက် စိန်ခေါ်နေသည့် အသင်း နှစ်သင်းတို့ရဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် အားလုံးက စိတ်ဝင်စားနေကြတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။
အိမ်ရှင် မန်စီးတီး အသင်းမှာ ဂိုးသမား ဂျိုးဟတ်၊ နောက်တန်းမှာ ဇာဘလက်တာ၊ ကွန်ပနီ၊ နာစတာဆစ်နှင့် ကိုလာရော့ဗ်တို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ နာဗက်၊ တိုရေး၊ ဖာနန်ဒင်ဟိုနှင့် နာစရီတို့ နေရာယူပြီး တိုက်စစ်အတွဲအဖြစ် အဂူရိုနှင့် နီဂရီဒိုတို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ စမောလင်း၊ ဖာဒီနန်၊ ဗီဒစ်နှင့် အီဗရာတို့ ပါဝင်လာပါတယ်။ ကွင်းလယ်မှာ ဗလင်စီယာ၊ မိုက်ကယ်ကားရစ်၊ ဖလေနီနှင့် အက်ရှ်လေယန်းတို့ ပွဲထွက်လာပြီး ဝိန်းရူနီနှင့် ဒန်နီဝဲလ်ဘတ်တို့ ပွဲထွက် လာပါတယ်။ အားထားရသည့် တိုက်စစ်မှူး ဗန်ပါစီ လေ့ကျင့်ရေးကွင်းမှာ ဒါဏ်ရာ အနည်းငယ် ရရှိသွားတဲ့အတွက် ဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၉၀ ဆက်တိုက် ပါဝင်ကစားခဲ့သည့် ဗန်ပါစီအနေနှင့် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲ လွဲချော်ခြင်းဖြစ်ပါတယ်။


ပွဲစကတည်းက နှစ်ဖက်အသင်း မြန်မြန်ဆန်ဆန် စတင် ကစားလာပြီး ပွဲချိန် ၄ မိနစ်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဗီဒစ် အပေးမှားတဲ့ ဘောလုံးကို နာဗက် ရသွားပြီး ဧရိယာထိပ်ကနေ လှမ်းကန်ခဲ့ပေမယ့် အပေါ် နည်းနည်း မြင့်သွားခဲ့ပါတယ်။ ၅ မိနစ်မှာတော့ စမောလင်းနှင့် နာဆတာဆစ်တို့ ဘောလုံးယှဉ်ခေါင်းတိုက်ကြရာမှာ နာစတာဆစ်က အဝင်ကြမ်းတဲ့အတွက် အဝါကဒ်ပြ သတိပေးခံရပါတယ်။ ပွဲချိန် ၉ မိနစ်မှာတော့ မန်စီးတီး အသင်းက ဂိုးပေါက် ကန်သွင်းဖို့ အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး အဂူရိုအသာအယာ ထုတ်ပေးတာကို ကိုလာရော့ဗ် ကန်သွင်းရာမှာ ဗီဒစ် ခေါင်းတိုက် ဖျက်ထုတ်လိုက်ရပါတယ်။
ပွဲချိန် ၁၅ မိနစ်အထိ မန်စီးတီး အသင်းက ကွင်းလယ်ကစားကွက် အသာနဲ့ ကစားနေပြီး မန်ယူနိုက်တက်အသင်းကတော့ ခံစစ်ကို အားပြု ကစားနေခဲ့ပါတယ်။ ခြေစွမ်း အသာစီးရနေတဲ့ မန်စီးတီးဟာ ၁ မိနစ်မှာပဲ ဦးဆောင်ဂိုး ရယူလိုက်နိုင်ပါတယ်။ နာစရီကနေ နောက်ပေါက် ချပေးလိုက်တဲ့ဘောလုံးကို နောက်က တက်လာတဲ့ ကိုလာရော့ဗ်က ရယူသွားပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်ရာမှာ ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ အဂူရိုက ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂီအာ လှုပ်ရှားခွင့်တောင် မရလိုက်တဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ အဂူရိုဟာ မန်ယူနိုက်တက်နှင့် ၅ ပွဲ ရင်ဆိုင်ခဲ့ရာမှာ ၃ ဂိုးသွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။

၁၈ မိနစ်မှာလည်း မန်စီးတီး အသင်းက ခြိမ်းခြောက်ခဲ့ပြီး နာစရီ ဧရိယာထိပ်ကနေ မြေမကျဘော အပြင်း ကန်သွင်းတာ သိပ်ကောင်းခဲ့ပေမယ့် ဂိုးပေါက် အထက်ကို အနည်းငယ် ကျော်လွန်သွားတဲ့အတွက် မန်စီးတီးတို့ ကံခေမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်အထိ မန်စီးတီးအသင်းက အသာစီး အနေအထားနဲ့ကစားနေခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ ကွင်းလယ်မှာ အပျက်များနေခဲ့ပြီး တိုက်စစ်မှာ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ မန်စီးတီး အသင်းက့ပဲ ခြိမ်းခြောက်နေခဲ့ပြီး ခြေစွမ်းအရ မန်စီးတီး အသင်းက ဒီထက် ဂိုးပိုရသင့်တဲ့ အနေအထား ဖြစ်ပါတယ်။




၂၉ မိနစ်မှာတော့ ဝိန်းရူနီ တစ်ယောက် အဝါကဒ်ပြသ သတိပေးခံခဲ့ရပါတယ်။ ဒီအဝါကဒ်ဟာ မန်စီးတီးအသင်းနှင့် ရင်ဆိုင်ခဲ့ဖူးတဲ့ ပွဲစဉ်များမှာ ရူနီတစ်ယောက် ၈ ကြိမ်မြောက် ပြသခံရတဲ့ အဝါကဒ် ဖြစ်ပါတယ်။ ကွင်းလယ်မှာ အားနည်းနေတဲ့ မန်ယူဟာ ဘောလုံးရှေ့သိပ်မရောက်တဲ့အတွက် ရူနီ ဆင်းချိတ်ဖို့ ကြိုးစားနေခဲ့ရတဲ့အတွက် ရူနီအတွက် အတော်ပင်ပန်းမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာ အချိတ်အဆက် အလွန် ကောင်းမွန်နေပြီး ပွဲချိန် ၃၅ မိနစ်အထိ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာနှုန်းနဲ့ ဖိအားပေး ကစားနေနိုင်ခဲ့ပါတယ်။ ဒီရာသီမှာမန်စီးတီးအသင်းရဲ့ အကောင်းဆုံး ကစားပုံ တစ်ခုပါပဲ။
ဒီနောက်ပိုင်းမှာတော့ မန်ယူနိုက်တက်က ကစားပုံ တက်လာပြီး ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု ပြန်လည် ရယူလာနိုင်ခဲ့ပြီး ကွင်းလယ်ကစားကွက် ယှဉ်ပြိုင်လာနိုင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဆက်လက်ခြိမ်းခြောက်နေခဲ့ပြီး ပထမပိုင်း ပွဲပြီးဖို့ နာကျင်အချိန်ပို ပေးထားတဲ့ တစ်မိနစ်မှာ ဒေါင့်ကန်ဘော ရခဲ့ပြီး ဒေါင့်ကန်ဘောမတင်လိုက်တာကို နီဂရီဒို ခေါင်းတိုက် သွင်းရာမှာ ကြားထဲကတက်လာတဲ့ ယာယာတိုရေးက ဒူးနဲ့ တိုက်ပြီး ပိတ်သွင်းလိုက်နိုင်တဲ့အတွက် ပထမပိုင်း အပြီးမှာ မန်စီးတီး အသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင် ကစားလိုက်နိုင်ပါတယ်။

 ပထမပိုင်း ကစားပုံအရမန်စီးတီး အသင်းဟာ အစစ အရာရာ သာလွန်နေခဲ့ပြီး ၂-၀ ဂိုး ရလာဒ်ဟာ ထိုက်တန်တဲ့ ရလာဒ်တစ်ခု ဖြစ်ပါတယ်။ မန်ယူ ကွင်းလယ်ကစားသမား များရဲ့ စွမ်းဆောင်ချက်ဟာ အင်မတန် ညံ့ဖျင်းနေခဲ့ပြီး အက်ရှ်လေယန်းဆိုရင် ပထမပိုင်း တစ်ပိုင်းလုံးမှာ ဘောလုံးပေးပို့မှု ၈ ကြိမ်သာ မှန်မှန်ကန်ကန် ပေးပို့နိုင်ခဲ့တဲ့ အထိပါပဲ။ ဖြတ်တင်ဘောတွေဟာလည်း အင်မတန် ညံ့ဖျင်းနေခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလည်း အမှားအယွင်း အချို့ ရှိနေခဲ့ပြီး ကောင်းမွန်လွန်းတဲ့ မန်စီးတီး တိုက်စစ်ကို အသည်းအသန် ခုခံကာကွယ်နေခဲ့ရတာပါ။ ပထမပိုင်း ကစားပုံကို မပြင်ဆင်နိုင်ခဲ့ရင်တော့ ဒီပွဲက ဒီထက် ဂိုးပြတ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း လူစာရင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ မထင်မှတ်ပဲ မန်စီးတီး အသင်းက တတိယမြောက် ဦးဆောင်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။ မန်ယူနိုက်တက်အသင်းက တက်ဖိ ကစားနေရင်း ပြန်လည် ပေါက်ထွက်လာတဲ့ ဘောလုံးကနေ တစ်ဆင့် နီဂရီဒို ကနေ အတွင်းဖက်ကို ချိုးပေးလိုက်တာကို အဂူရိုက အနီးကပ် ပိတ်သွင်းပြီး ရယူလိုက်တာ ဖြစ်ပါတယ်။

ဆက်တိုက်ပါပဲ။ ၄၉ မိနစ်မှာ မန်စီးတီး အသင်းက နောက်ထပ် တစ်ဂိုး သွင်းယူလိုက်ပြန်ပါတယ်။ ညာခြမ်းကနေ နာဗက် မတင်ပေးလိုက်တာကို လူကပ်ထားခြင်း မခံရတဲ့ နာစရီက အပိုင် ကန်သွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂိုး သွင်းယူလိုက်နိုင်တဲ့အတွက် မန်စီးတီးအသင်းဟာ မန်ယူနိုက်တက်အသင်းကို ၄ ဂိုးအထိ သွင်းယူနိုင်တဲ့ ပွဲပေါင်း ၃ ပွဲအထိ သွင်းယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်လာပါတယ်။

 ၄ ဂိုးပြတ် ရှုံးနိမ့်နေတဲ့ နောက်ပိုင်း မန်ယူနိုက်တက်အသင်းဟာ ဒန်နီ ဝဲလ်ဘတ်ကို ထုတ်ပြီး ကလဲဗားလေး လူစားဝင် ကစားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်ကို လိုက်ပါကစားဖို့ အားသန်နေကြပြီး ကောင်တာ ပေါက်ထွက်လာတဲ့ မန်စီးတီးရဲ့ ထိုးဖောက်ချက်တွေဟာ ဂိုးရလုနီးပါး အနေအထားတွေ ဖြစ်ခဲ့ပါသေးတယ်။ ၅၄ မိနစ်မှာ နာဗက် မတင်ပေးလိုက်တဲ့ ဘောလုံးဟာ နီဂရီဒို ပိတ်သွင်းနိုင်လု နီးပါး ဖြစ်ခဲ့ပေမယ့် ဗီဒစ် ဖျက်ထုတ်နိုင်ခဲ့တဲ့အတွက် နောက်တစ်ဂိုး မပေးရတာ ဖြစ်ပါတယ်။

၅၄ မိနစ်မှာတော့ မန်ယူနိုက်တက်အတွက် အကောင်းဆု့း အခါင့်အရေး တစ်ခု ရခဲ့ပြီး ကလဲဗားလေး တင်ပေးလိုက်တဲ့ ဘောလုံးကို ရူနီ ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် အနည်းငယ် ကျော်လွန်သွားခဲ့ပါတယ်။

၅၉ မိနစ်မှာ ဝဲလ်ဘတ် ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ နောက်ခံလူတွေနဲ့ ထိပြီး ဂိုးပေါက်ဆီ သွားခဲ့ပေမယ့် ဂျိုးဟတ် ဖမ်းယူလိုက်နိုင်ပါတယ်။




၆၂ မိနစ်မှာ မန်စီးတီး ဧရိယာထိပ်နားမှာ ဝဲလ်ဘတ်ကို ဖာနန်ဒင်ဟို ဖျက်ထုတ်တာ နည်းနည်း ကြမ်းခဲ့တဲ့အတွက် ပြစ်ဒါဏ်ဘော ကန်သွင်းခဲ့ ရပါတယ်။ ရူနီ ကန်သွင်းခဲ့ပေမယ့် လူကာထားတဲ့ အတန်းကိုပဲ ထိ ထွက်လာခဲ့ပါတယ်။ ၄ ဂိုးရှုံးနိမ့်ပြီးတဲ့ နောက်မှာမှ မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်ကို ကောင်းကောင်းမွန်မွန် ကစားလာနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အချို့လည်း ပြုလုပ်လာနိုင်ပါတယ်။ ယန်းအစား ကလဲဗားလေး ဝင်ကစားခဲ့တာဟာ အတော်အလုပ်ဖြစ်ခဲ့တဲ့ အနေအထားပါ။ ၆၆ မိနစ်မှာ ရူနီ ပြန်ချိုးပေးလိုက်တာကို ဝဲလ်ဘတ် အဝေးကနေ ကန်သွင်းပေမယ့် ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

၆၇ မိနစ်မှာတော့ ဘယ်ခြမ်းကနော စမောလင်း ခင်းပေးလိုက်တာကို ဖလေနီက တစ်ချက်တားပြီး အပိုင် ကန်သွင်းခဲ့ပေမယ့် ဂျိုးဟတ် အကောင်းဆုံး ကာကွယ်လိုက်နိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ နောက်ပိုင်းမှာ တိုက်စစ်ဆင်ဖို့ မကြိုးစားတော့ပဲ ခံစစ်ပိုင်းမှာသာ ဦးစားပေး ကစားနေတဲ့အတွက် ဘောလုံးပိုင်ဆိုင်မှု အများအပြား ဆုံးရှုံးခဲ့ပြီး မန်ယူနိုက်တက်အသင်းက ၅၂ ရာနှုန်းအထိ ပြန်လည် အသာစီး ရလာခဲ့ပါတယ်။
၇၀ မိနစ်မှာ ကစားအား ကျဆင်းလာတဲ့ နာဗက်အစား မီလ်နာ ဝင်ရောက်လာပါတယ်။ ၇၁ မိနစ်မှာ မန်စီးတီးအသင်းက အခွင့်အရေးကောင်း တစ်ခု ရခဲ့ပြီး နီဂရီဒို ဧရိယာထိပ်ကနေ တစ်ယောက်တည်း အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ၇၅ မိနစ်မှာတော့ မန်စီးတီး အသင်းက တိုက်စစ်မှူး နီဂရီဒိုအစား ဇစ်ကို ဝင်ရောက် ကစားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်း အင်မတန် လျော့ရဲလာခဲ့ပြီး တိုက်စစ်ကိုပဲ ဖွင့်ကစားဖို့ ကြိုးစားနေချိန်မှာ ကောင်တာ ပေါက်ထွက်လာတဲ့ ဘောလုံးကို ဇစ်ကိုက တစ်ယောက်တည်း အဝေးကနေ အပိုင်ကန်သွင်းခဲ့ပေမယ့် ဒီဂီအာ ကာကွယ်လိုက်နိုင်ပါတယ်။ အေးဆေးသက်သာ ကာကွယ်လိုက်နိုင်တာ မဟုတ်ပဲ နှစ်ဆင့်ဖမ်းကာကွယ်လိုက်ရတာ ဖြစ်ပါတယ်။ ၇၉ မိနစ်မှာတော့ မန်ယူနိုက်တက်အတွက် ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒေါင့်ကန်ဘောကို အီဗရာခေါင်းတိုက်သွင်းရာမှာ တိုင်မှန်ပြီး ထွက်လာခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့ ဘောလုံးကို မန်ယူနိုက်တက် ကစားသမားတွေ ၂ ကြိမ် ဆက်တိုက် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးနောက်ခံလူတွေနဲ့ ထိပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

၈၅ မိနစ်မှာ အဂူရိုအစား ဂါစီယာ ဝင်ရောက် လာပါတယ်။ ၈၆ မိနစ်မှာပဲ ဧရိယာထိပ်မှာ ရတဲ့ ပြစ်ဒါဏ်ဘောကို ဝိန်းရူနီ ကန်သွင်းခဲ့ပါတယ်။ ကန်သွင်းချက်က အင်မတန် လှပခဲ့ပြီး ညာဖက်ဒေါင့်ကွေးအထိ ရောက်သွားခဲ့တဲ့အတွက် ဂျိုးဟတ် ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မတတ်နိုင်ခဲ့ပဲ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီဂိုး သွင်းယူလိုက်နိုင်တဲ့အတွက် ဝိန်းရူနီဟာ မန်ချက်စတာဒါဘီပွဲများမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒါဘီပွဲစဉ်များမှာ ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်လာပါတယ်။

၈၇ မိနစ်မှာလည်း ရူနီ ဧရိယာထောင့်နားကနေ လှမ်ကန်သွင်းဖို့ ကြိုးစားခဲ့သေးပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နာကျင်ချိန်ပို အတွင်းမှာ ဇစ်ကို တစ်လုံး ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့တဲ့အတွက် ၄-၁ ဂိုး ရလာဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ ပွဲစဉ်ဟာ ဘောလုံး ပရိသတ် အများစု ထင်မှတ်မထားလောက်တဲ့ ဂိုးရလာဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အထနှေးနေတဲ့ မန်ယူနိုက်တက်ဟာ မြန်မြန်ဆန်ဆန် ပွဲစတင်နိုင်ခဲ့တဲ့ မန်စီးတီးကို ဂိုးပြတ် အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ မန်ယူ ကွင်းလယ်ဟာ ဘယ်လိုမှ သုံးစားမရအောင် စုတ်ပြတ်နေခဲ့ပြီး အက်ရှ်လေယန်းကို ထုတ်ပြီး ကလဲဗားလေး ဝင်လာတဲ့ နောက်ပိုင်းမှသာ ကစားကွက် ပြန်လည် ဖော်ဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီး ရသွားတဲ့ ၂ ဂိုးကတော့ ထင်မှတ်မထားတဲ့ အချိန်တွေမှာ ရုတ်တရက် သွင်းယူနိုင်လိုက်တာ ဖြစ်တဲ့အတွက် ပွဲအဖြေက စောစောစီးစီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အနိုင်ရသွားတဲ့ မန်စီးတီး အသင်းဟာ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ ဇယား ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပြီ ဖြစ်ပါတယ်။

Written by အောင်စိုးမိုး(နတ်ရွာ)

FOOTBALL CAFE