Lenovo စမတ်ဖုန်းများ KMD က တရားဝင် စဖြန့်မည်

ပို့စ်တင်ချိန် - 9/29/2013 11:44:00 AM



တရုတ် Lenovo စမတ်ဖုန်းများကို KMD က မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ်အဖြစ် ဖြန့်ချိသွားမည် ဖြစ်ကြောင်း KMD Computer Group ဒါရိုက်တာ ဒေါ်သင်းသင်းစိုးက ပြောကြားသည်။

မြန်မာနိုင်ငံကို Lenovo စမတ်ဖုန်းများ နယ်စပ် လမ်းကြောင်းမှ အဝင်များသာရှိပြီး ယင်းဖုန်းများမှာ တရုတ် Operation System များ ဖြစ်ကြောင်း၊ ယခုတင်သွင်းသည်မှာ အင်္ဂလိပ်စာစနစ်သုံး ဖုန်းများ ဖြစ်သည့်အတွက် အခက်အခဲများမရှိ အသုံးပြုနိုင်ကြောင်း KMD Group မှ အထွေထွေမန်နေဂျာ ဦးလွင်ထူးအောင်က ပြောဆိုသည်။

Lenovo K- 900၊ S 920၊ S 820၊ A390 မော်ဒယ်များကို အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တွင် တော်ဝင်စင်တာ၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မိတ္ထီလာ၊ မြင်းခြံ၊ မော်လမြိုင်မြို့တို့တွင် စတင်မိတ်ဆက် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“လီနိုဗို စမတ်ဖုန်းက အရမ်းကြီးတော့ မရောင်းရဘူး။ ဒါပေမဲ့ ပုံမှန်ပရိသတ် ရှိတယ်။ အခုလို ရောင်းရင်တော့ ဈေးပိုသက်သာမလား မသိဘူး။ နောက် Services ပေးတာတွေနဲ့ ပတ်သက်ပြီး ပိုအဆင်ပြေလာမယ် ထင်တယ်” ဟု လူကြီးမင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အထွေထွေ မန်နေဂျာ ဒေါ်ဇာခြည်က ပြောကြားသည်။

ယခင်က Lenovo စမတ်ဖုန်းကို လာရောက် ရောင်းချသောသူများ ရှိသော်လည်း ယခုကဲ့သို့ ကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက် ရောင်းချသောကြောင့် ဝန်ဆောင်မှု ပေးရာတွင် ပိုမိုအဆင်ပြေနိုင်ကြောင်းဟု ၎င်းကဆိုသည်။
The Voice Weekly