လစာကိစ္စ အဆင်မပြေသဖြင့် ရန်ကုန်အသင်းမှ ထွက်ခွာလိုဟု ကြည်လင်း ဖွင့်ဟ

ပို့စ်တင်ချိန် - 10/03/2013 09:14:00 AM

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကစားသမား ကြည်လင်းက လစာကိစ္စအဆင်မပြေသဖြင့် အသင်းမှ ထွက်ခွာလိုကြောင်း မဇ္ဈိမသို့ ပြောသည်။

ကြည်လင်းမှာ ရန်ကုန်အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကစားနေသော ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ကာ ရန်ကုန်ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်အသင်းတွင် ကြုံတွေ့နေရသော အခက်အခဲ နှင့် ပတ်သတ်ပြီး ကြည်လင်းက“ကျွန်တော် လာမယ့်ရာသီမှ အသင်းက ထွက်ချင်ပါတယ်။ ရန်ကုန်အသင်း တာဝန်ရှိသူတွေက ကစားသမားတွေကို အလေးမထားဘူးလို့ ခံစားရတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် လစာတိုးတောင်းတော့ ၁၀ သိန်းတိုးပေးပါတယ်။ ဒါပေမယ့် သုံးလပဲ တိုးပေးပြီး ၁၀သိန်း ပြန်လျှော့သွားတယ်။

ကျွန်တော့် စာချုပ်သက်တမ်းက လာမယ့်နှစ်ကုန်ရင် ပြည့်ပါပြီ။ ကျွန်တော့်အနေနဲ့ ပြည်တွင်းအသင်းတွေသာမကဘဲ
ပြည်ပအသင်းတွေအထိ သွားကစားချင်ပါတယ်”ဟု ပြောကြားသည်။

ကြည်လင်း၏ ပြောကြားမှုနှင့် ပတ်သက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့အနေနဲ့ ကစားသမားတွေနဲ့ တရားဝင် စာချုပ်ချုပ်ဆိုထားတာပါ။ စာချုပ်ထဲမှာပါတဲ့ လစာကို အတိုးအလျှော့လုပ်လို့ မရပါဘူး။ကျွန်တော်တို့ အသင်းကကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ်မူတည်ပြီး လစာအတိုးအလျှော့ လုပ်တဲ့ပုံစံမျိုး စာချုပ်ထဲမှာ ထည့်ချုပ်ထားပါတယ်။ စွမ်းဆောင်ရည်ကောင်းရင် လစာတိုးပေးပြီး စွမ်းဆောင်ရည် ကျလာရင်လစာ လျှော့တဲ့ ပုံစံပါ။လျှော့တယ်ဆိုတာလည်း တိုးထားတဲ့ ငွေပမာဏကို လျှော့တာပါ။ သူတို့ရဲ့ အခြေခံလစာကို လျှော့တာမဟုတ်ပါဘူး။ အခုကာလက ပွဲတွေလဲ မရှိဘူး။သူတို့တွေလည်း အသင်းအတွက် မကစားရသေးတဲ့အတွက် ပြန်လျှော့ထားတာပါ။ ကစားသမားတွေကို သေချာရှင်းပြပေမယ့် သူတို့ကိုယ်တိုင် နားမလည်ဘူးဖြစ်နေတာပါ”ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ကြည်လင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းတွင် လစာ ၁၃ သိန်းရရှိနေသော ကစားသမားတစ်ဦးဖြစ်ပြီး အသင်းပြောင်းရွှေ့လိုပါက ကမ်းလှမ်းမည့် အသင်းရှိမှသာ ရန်ကုန်အသင်းမှ လက်ခံစဉ်းစားနိုင်မည်ဖြစ်ကြောင်းလည်း ဦးကျော်လင်းထွေးက ဆက်လက်ပြောကြားသည်။

“ကြည်လင်း အသင်းပြောင်းချင်ရင် သူ့ကိုကမ်းလှမ်းမယ့် အသင်းရှိမှဖြစ်မှာပါ။ ဒါမှကျွန်တော်တို့က ပြောင်းရွှေ့ကြေးတို့ အခြားလိုအပ်တာတွေ ညှိနှိုင်းလို့ ရမှာပါ။ ကမ်းလှမ်းမယ့်အသင်းက ကစားသမားအနာဂတ်အတွက် ဘယ်လောက်အထိ ကောင်းမွန်နိုင်မလဲဆိုတာကြည့်ပြီး ဆုံးဖြတ်မှာပါ” ဟု ၎င်းက ဆိုသည်။

ကြည်လင်းမှာ အာဆီယံဒေသတွင်း လူသိများသော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကိုေ ခ်ါယူရန် မလေးရှားကလပ် အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ဖူးသည်။

Mizzima - News in Burmese