ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်

ပို့စ်တင်ချိန် - 12/10/2013 11:00:00 PM


Created on Tuesday, 10 December 2013 00:32
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆိုသည်။

"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်းပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာသွန်းမှုတွေ ဖြစ်ပွားနိုင်တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

"အာရှတိုက်အလယ်ပိုင်းမှာ ရာသီအလိုက်ဖြစ်တဲ့ လေဖိအားများရပ်ဝန်ကြီးက ကာထားတဲ့အတွက် မုန်တိုင်းမဒီက မြန်မာနိုင်ငံကို ၀င်ရောက်နိုင်ဖို့က လျော့နည်းသွားပြီ။ ဒါပေမဲ့ မုန်တိုင်းက တဖြည်းဖြည်းနဲ့ အားကောင်းပြီးတော့ Category 1 အဆင့်ရှိတဲ့ မုန်တိုင်းဖြစ်လာလို့ မုန်တိုင်းရှေ့ဆက်သွားမဲ့ လမ်းကြောင်းက မချောမွေ့နိုင်ပါဘူး" ဟု ဒေါက်တာဦးထွန်းလွင်က ဆိုသည်။

ကမ္ဘာကျော် မုန်တိုင်းခန့်မှန်းရေး ဗဟိုဌာနများဖြစ်သော JTWC(USA), IMD (India), Weather Underground(USA) တို့မှလည်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ မလာနိုင်သည့်အပြင် ဆန့်ကျင်ဘက်အရပ်ဖြစ်သော အနောက်တောင်ဘက်ကို နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်တွင် အေးပြီးခြောက်သွေ့သောလေများ တိုးဝင်မှုကြောင့် မဒီမုန်တိုင်းသည် အင်အားနှင့်သွားရာလမ်းကြောင်း ပြောင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုအချိန်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းမဒီသည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့နှင့် အရှေ့မြောက်ဘက် မိုင် ၂၁၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်နှင့် အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျှက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် မန္တလေး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ချင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း၊ ကျန်နေရာများတွင် မိုးရွာသွန်းရန် ရာခိုင်နှုန်း ၆၀ ရှိကြောင်း ထုတ်ပြန်ထားသည်။
eleven media group