ပြည်ထဲရေးမှာရာထူးတိုးဖို့ လာဘ်ထိုးရတဲ့ကိစ္စ

ပို့စ်တင်ချိန် - 12/10/2013 11:55:00 AM


ဒီကိစ္စက ရေးတတ်ရင် သတင်း ကောင်းကောင်းတစ်ပုဒ် ဖြစ်ချင်ဖြစ်လာမယ်။ ကျွန်တော်ကတော့ သတင်းသမားလည်း မဟုတ်တော့ ရေးတတ်သလိုပဲ ရေးလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်က ပြည်ထဲရေးမှာ အကြီးအကျယ် ဖြစ်ခဲ့တဲ့ကိစ္စ။ အင်တာနက်ပေါ်မှာတော့ မတွေ့မိသေးဘူး။ ကျွန်တော်ပဲ မျက်စေ့ရှမ်းသလားတော့ မပြောတတ်ဘူး။

ထားပါတော့။ ပြောချင်တာက ပြည်သူ့ချဉ်ဖတ်ဖြစ်နေတဲ့ ရဲထဲမှာ ပုခုံးပေါ်က ငွေရောင်အပွင့်လေးတစ်ပွင့် တိုးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အတော်များများဆို ပင်စင် ယူတဲ့အထိ တစ်ပွင့်ကမတက်သွားရဘူး။ ဒီကြားထဲ ရေး-၃ ငြိရင် ရာထူးကလျောသေးတယ်။ သူတို့ ကတော့ အပွင့်ကြီးသွားတာ လို့ခေါ်တာပဲ။ ပုခုံးပေါ်က ဒုရဲအုပ်အပွင့်လေးကနေ အရာခံအပွင့်ကြီး ဖြစ်ပီးလက်မောင်းပေါ်ရောက်သွားတာ။ ဒီတော့ ရာထူးကိုမက်လို့မရတဲ့အတူတူ ပိုက်ဆံရှာကြ တော့တယ်။ ချောက်စား ဟောက်စား ရယ်စား ငိုစားပေါ့။ ရဲစစ်စစ်ထဲက ရာထူးကြီးကြီးရတဲ့သူ တော်တော်ရှားပါးပါတယ်။ လက်ရှိ ရဲချုပ်ကနေ ဒုရဲမှူးကြီးထဲမှာ သုံးပုံတစ်ပုံနီးနီးရှိရင် ကံကောင်းပဲ။ ဒါတောင် တချို့မြို့နယ်မှူး၊ စခန်းမှူးတွေက အရင်တုန်းက တပ်ကနေ တစ်ဆင့်မြင့်နဲ့ပြောင်းလာ တာတွေရှိသေးတယ်။ ခုလက်ရှိထဲမှာဆို အောင်နိုင်သူတို့၊ တလောလေးက မိန်းမရသွားတဲ့ မျိုးမင်းထိုက်တို့လောက်ပဲ ရဲမှူးကြီးလောက်တက်ဖြစ်တာတွေ့တယ်။ အဲဒီတော့ ရာထူးလိုချင်တဲ့ သူတွေကျတော့ ရာထူးတိုးဖို့ အောက်လမ်းနည်းနဲ့လုပ်ရတော့တယ်။

၂၀၀၇-၂၀၀၈ လောက်က ရန်ကုန်ကခရိုင်တစ်ခု(တောင်ပိုင်းခရိုင် ထင်တယ်)မှာ ခရိုင်မှူးလုပ်သွားတဲ့ ရခိုင်သား ဒုရဲမှူးကြီးဇော်ဝင်းအောင် ဆိုတာရှိတယ်။ စံပြဈေးနားမှာနေတယ်။ နောက်တော့ နေပြည်တော် ခရိုင်မှူးဖြစ်တယ်။ မျက်စိရှေ့မှာတင် ရာထူးတွေ တက်သွားလိုက်တာ နောက်ဆုံးပဲခူးတိုင်းတပ်ဖွဲ့မှူးဘ၀နဲ့ ၂၀၁၀ လောက်မှာ ပြန်တွေ့ရတော့ တော်တော် အံသြသွားတယ်။ ဒီလူတယ်တော် ပါလားပေါ့။ ရဲထဲမှာ ရာထူးအတက်ကြမ်းကြမ်းဆိုလို့ အောင်နိုင်သူပဲတွေ့ဖူးတာကိုး။ ဒီလူကတော့ တော်ရှာပါတယ်။ CID မှာ မှုခင်းတော်တော်များများ ပေါ်ခဲ့လို့ ဒုရဲမှူးကြီးခဏလေးနဲ့ဖြစ်တယ်။ ခရိုင်မှူးအရွှေ့ခံရပြီး မကြာပါဘူး။ သူ့အပိုင်ထဲမှာ ၂၅ လမ်း သုံးလောင်းပြိုင် လူသတ်မှုဖြစ်တယ်။ ပေါ်တယ်။ နောက်တော့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ဖြစ်သွားတယ်ထင်တယ်။ သူ့ကိုတော့ ရာထူးမတိုးပဲ မနေရဲဘူး။ ဘာလို့လဲဆိုတော့ ဦးသန်းရွှေကြီးက အောင်နိုင်သူလေးဘယ်ရောက်နေလဲ လို့ပြည်ထဲရေးဝန်ကြီးနဲ့ရဲချုပ်ကို သတိရတိုင်း ထထမေးတော့ ဖြေလို့ကောင်းအောင် ရာထူးတက်တက်ပေး ရတယ်။ စောစောကပြောတာတောင် ဘယ်ရောက်သွားပါလိမ့်။ ဟို..ဇော်ဝင်းအောင် အကြောင်း။ ဒင်းလည်း ရာထူးအတက်မြန်တာမို့ ဘယ်နေရာတွေ တော်နေပါလိမ့်လို့ စဉ်းစားရခက်တုန်းမှာပဲ ပြဿနာ တစ်ခုပေါ်လာတယ်။ အဲဒါက ရဲချုပ်ရုံး၊ ရဲရေးဌာနက ရဲမှူးစိုင်းသက်မော် ဆိုတာကို လာဘ်ပေးလာဘ်ယူကိစ္စရှိတယ်ဆိုပြီး ဖမ်းစစ်တယ်။ စိုင်းသက်မော်က တပ်ကနေ ဗိုလ်ကြီးအဆင့်နဲ့ ပြောင်းလာတယ်ထင်ပါရဲ့။ အမှန်ကတော့ အချင်းချင်း မကျေမလည်ဖြစ်လို့ လက်သိပ်ထိုးတိုင်စာ တက်လိုက်တဲ့ ကိစ္စ။ အဲဒီလို စစ်တော့ စိုင်းသက်မော်ရဲ့ ဒိုင်ယာယီမှာ ရဲအရာရှိကြီးတွေ တော်တော်များများနဲ့ငွေပေး ငွေယူစာရင်းတွေ သွားတွေ့တယ်။ ဒီတော့ ထပ်စစ်တော့ ရာထူးတိုးဖို့အတွက် လာဘ်ထိုးရတဲ့ ကိစ္စတွေ ပေါ်လာတယ်။ ဒုရဲမှူးတစ်ယောက်က ရဲမှူးဖြစ်ချင်လား..လာခဲ့ သိန်း (၃၀၀) ပေး၊ ရဲမှူး (ဦးစီး) ကနေ ခရိုင်မှူးဖြစ်ချင်လား ..သိန်း (၅၀၀) ပေး ဆိုတာမျိုးပေါ့။

ဇော်ဝင်းအောင်ကတော့ တိုင်းတပ်ဖွဲ့မှူးဖြစ်ဖို့ သိန်း (၁၅၀၀) လောက် ပေးရတယ် ကြားတယ်။ သူက တစ်ခါတည်းပေးစရာမလိုဘူး။ သုံးလအတွင်း သိန်း (၅၀၀) ပေး၊ နောက်သုံးလ (၅၀၀) ပေး၊ အဲလိုမျိုးပေါ့။ ဒါပေမဲ့ ရဲအရာရှိကြီးတစ်ယောက်ကို တစ်ပွင့်ထပ်တိုးပေးဖို့ဆိုတာ စိုင်းသက်မော် တစ်ယောက်တည်း လုပ်လို့ရတဲ့ကိစ္စမဟုတ်ပေဘူး။ ရဲချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ် အစရှိတဲ့ အတော်များများက သဘောတူမှဖြစ်တာ။ ပြည်ထဲရေးဝန်ကြီးဌာန (ပထရ) အစည်းအဝေးမှာ တင်မှ အတည်ဖြစ်တာ။ အမှန်တော့ စိုင်းသက်မော်က ပွဲစား။ သူကလည်း ကြားထဲက မြိုးမြိုးမြက်မြက်ရတယ်။ သူ့အလုပ်က အောက်က ပေးတဲ့ပိုက်ဆံကိုယူပြီး အပေါ်ကို ပြန်ခွဲပေးတယ်။ ပြဿနာတွေဖြစ်တော့ သူ့ကိုပဲခေါင်းခံပြီး ရှင်းပလိုက်တယ်။ သူနဲ့အမှုတွဲတာက ပြည်ထဲရေးရုံးအဖွဲ့မှူး ဗိုလ်မှူးကြီးနေမျိုး ပေါ့။ အဲဒီကိစ္စပေါ်တော့ စိုင်းသက်မော်နဲ့အပေးအယူလုပ်တဲ့ အတော်များများကို ရာထူးတွေ၊ နေရာတွေ အပြောင်းအလွှဲ၊ အငြိမ်းစားပေးတာတွေ လုပ်ပြီး အရေးယူလိုက်တယ်။ စိုင်းသက်မော်နဲ့ ဗိုလ်မှူးကြီးနေမျိုးကတော့ ပြုတ်သွားတယ်။ ရဲမှူးကြီး ဇော်ဝင်းအောင်ကိုလည်း ပဲခူးတိုင်းကနေ ရဲဗဟိုလေ့ကျင့်ရေးကျောင်းရဲ့ ဒုကျောင်းအုပ်ကြီးအနေနဲ့ ပို့လိုက်တယ်။ တက်လမ်းမရှိတော့တဲ့ နေရာပေါ့။ စိတ်ဝင်စားစရာ ကောင်းတာက ရဲမှူးကြီးတစ်ယောက်ဖြစ်ဖို့ သိန်း (၁၅၀၀/၂၀၀၀) လောက်ကုန်တယ်ဆိုတော့ အဲဒီလောက် ငွေကြေးတွေကို လေး ငါး ခြောက်လအတွင်း ပေးနိုင်ဖို့ ဘယ်ကနေရှာကြသလဲ ဆိုတာပဲ။ အဲဒီအုပ်စုထဲက တစ်ယောက်ယောက်နဲ့ကြုံရင်တော့ ဘယ်လိုရှာသလဲ မေးကြည့်ပါဦးမယ်။

(စာကြွင်း - ဖေ့စ်ဘုတ်မှာ မိတ်ဆွေတစ်ယောက်ပေးတဲ့ ကွန်မန့်အရတော့ ဗိုလ်မှူးကြီးနေမျိုးက စင်္ကာပူမှာ အိမ်တောင်ဝယ်ထားတယ်လို့ သိရပါတယ်)

အောက်က comment တစ်ခုကိုလည်း ဖော်ပြလိုက်ပါတယ်။

Zaw Min OoMay 6, 2013 at 3:47 PM
အမှန်ပဲ ကိုမိုးဇေရေ .... ကျနော် ဒုရဲအုပ်လုပ်သက် (၁၇) နှစ်ပြည့်မှ ရဲအုပ်ဖြစ်တယ်။ ခုတော့ ဒီရာထူးနဲ့ပဲ အငြိမ်းစားယူခါနီးနေပီ။ ဒါတောင် ကျနော့်ထက် ကံဆိုးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ တပုံကြီးပါပဲဗျာ

Moe Zay Nyein