လူမှောင်ခိုသမားများလက်မှ မလေးရှား တရားမ၀င်သွားသူများကို ဘင်္ဂလာရဲက ကယ်တင်

ပို့စ်တင်ချိန် - 12/10/2013 10:00:00 PM


မလေးရှားနိုင်ငံကို ရေလမ်းကြောင်းကတဆင့် မော်တော်ဘုတ်နဲ့ တရားမ၀င် သွားဖို့ အစီအစဉ် လုပ်နေတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၃၂ ဦးကို လူမှောင်ခို သမားတွေရဲ့လက်ကနေ ရဲတပ်ဖွဲ့က ကယ်တိုင်လိုက်တယ်လို့ ဒီကနေ့ထုတ် ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ ဖေါ်ပြပါတယ်။

သူတို့ ၃၂ ဦးကို လူမှောင်ခိုသမား (၂) ဦးက မလေးရှားကို တရားမ၀င် လမ်းကြောင်းကနေ သွားရောက်ဖို့ စစ်တကောင်းမြို့က AL Sakira ဟိုတည်မှာ စုဆောင်းနေစဉ် သတင်းအရ ဘင်္ဂလာ ရဲက သွားရောက် ကယ်တင် လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တကောင်းမြို့ Chandgaon ရဲစခန်းမှ စခန်းမှူး Syed Abdur Rouf ပြောတာကတော့ သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ကြပြီး အလုပ်ကောင်းရနိုင်ဖို့ မလေးရှားကို ပို့ပေးမယ်ဆိုပြီး လူမှောင်ခိုသမားတွေရဲ့ မက်လုံးပေး စည်းရုံးခြင်းကို ခံရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ မော်တော်ဘုတ် (သို့မဟုတ်) ငါးဖမ်းလှေ တစ်ခုခုနဲ့ မနေ့က (တနင်္ဂနွေနေ့) တချိန်ချိန်မှာ ထွက်ခွာဖို့ စီစဉ်နေစဉ်မှာ တနင်္ဂနွေနေ့ နံနက် အစောကြီးမှာ ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူမှောင်ခို သမား (၂) ဦး ဖြစ်ကြတဲ့ Md Mujurbur Rahman နဲ့ Jarfar Alam တို့က သူတို့ကို မလေးရှားနိုင်ငံကို သင်္ဘော မဟုတ်ရင် မော်တော်ဘုတ်နဲ့ ပို့ဆောင်ဖို့ စီစဉ်နေတာ ဟုတ်မှန်တယ်လို့ ၀န်ခံ  ပြောကြားတယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မလေးရှားကို တရား မ၀င် အလုပ်သွားလုပ်ဖို့အတွက် စစ်တကောင်းမြို့ကနေ မော်တော်ဘုတ် တစ်စီးနဲ့ ထွက်ခွာဖို့ လုပ်နေကြတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၃ ဦးကို  လူမှောင်ခိုသမား ၆ ဦးနဲ့ အတူ ရဲက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ ၂၃ ဦးစလုံးဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့  Narsingdi ၊ Munshiganj၊ Tangail ၊ Kishoreganj ၊ Narayangaj၊ Chandpur ၊ Sirajganj မြို့တွေက ဖြစ်ကြတယ်လို့ နိုဝင်္ဘာ ၂၄ ရက်နေ့ထုတ် Dhaka Tribune သတင်းစာမှာ ဖေါ်ပြပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေဟာ မိုးရာသီမှာဆိုရင် တက်ကနက် လမ်းကြောင်းကို အသုံးပြုပြီး ဆောင်းရာသီဆိုရင်တော့ စစ်တကောင်း လမ်းကြောင်းက ဘုတ်တွေ၊ သင်္ဘောတွေနဲ့ မလေးရှားကို ထွက်ခွာကြတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ သူ့နိုင်ငံသားတွေကို မလေးရှားကို တရားဝင် အလုပ်သွားလုပ်ဖို့ မလေး အစိုးရနဲ့ စာချုပ်တွေ ချုပ်ဆိုပြီး ပို့ဆောင်နေပေမယ့် စရိတ်စခ အကုန်အကျများပြီး လစဉ် ရရှိတဲ့ လစာကနေ အစိုးရကို အခွန်ဆောင်ရတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံသားတွေဟာ တရားဝင် လမ်းကြောင်းထက် တရားမ၀င် လမ်းကြောင်းကို ပိုနှစ်သက်ကြတယ်လို့ ဆိုပါတယ်။
narinjara burmese news