ပွင့်လင်းရာသီ အိမ်၊ ခြံ၊ မြေ ဈေးကွက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းကျ

ပို့စ်တင်ချိန် - 12/05/2013 03:17:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၎

စံနှုန်းသတ်မှတ်အပြီး အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် တစ်ခုလုံးမှာ အရောင်းအဝယ် မရှိသလောက် နီးပါး ဖြစ်နေကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။

အိမ်ငှား ဈေးကွက်များသာ နေရာယူနေမှုနှင့် မြို့တွင်း၊ မြို့ပြင် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက် များကြောင့် အရောင်းအဝယ် ဈေးကွက် ကျဆင်းလာခြင်း ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောဆိုသည်။
“လူတွေရဲ့ လောဘကြောင့် ဈေးနှုန်းတွေက မကျပေမယ့် အရောင်းအဝယ်တွေကတော့ ကျသွားတယ်။ ဒီနှစ်က အငှား ပိုသွက်တယ်။ ငှားမယ့်လူသာ ရှိပြီး အိမ်မရှိဘူး။ နေရာတိုင်းမှာ ကန်ထရိုက်တိုက်တွေ ဆောက်ကြတဲ့အတွက် အငှားပို ကောင်းလာတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ အရောင်းအဝယ် ပြန်ကောင်း လာနိုင်ခြေ မရှိသေးကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်သည်။
The Voice Weekly