လူသတ်မှုနဲ့ ရိုဟင်ဂျာ ၁၄ဦး အင်ဒိုက ထောင်ဒဏ်ချမှတ်

ပို့စ်တင်ချိန် - 12/05/2013 10:26:00 AM


ဗုဒ္ဓဘာသာဝင် ​မြန်မာ ​၈ ​ဦးကို ​ရိုက်သတ်ခဲ့တဲ့ ​အမှုနဲ့ ​ရိုဟင်ဂျာ ​၁၄ဦးကို ​အင်ဒိုနီးရှား ​တရားရုံးက ​ထောင်ဒဏ် ​၉ ​လစီ ​ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ဧပြီလက ​အင်ဒိုနီးရှားနိုင်ငံ ​ဆူမာတြာ ​ကျွန်း ​ထိန်းသိမ်းရေးစခန်းမှာ ​ထားရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာတွေနဲ့ ​ဗုဒ္ဓဘာသာဝင် ​မြန်မာတွေကြား ​အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ​ရိုဟင်ဂျာတွေကနေ ​ဗုဒ္ဓဘာသာဝင် ​မြန်မာလူမျိုးတွေကို ​ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ​ရိုက်သတ်ခံခဲ့ရတဲ့ ​မြန်မာတွေဟာ ​ငါးဖမ်းသမားတွေဖြစ်ကြပြီး ​အင်ဒိုနီးရှား ​ရေပိုင်နက်ကို ​ကျုးကျော်ဝင်ရောက်မှုနဲ့ ​ဖမ်းစီး ​ထိန်းသိမ်း ​ခံရတာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ​ရိုဟင်ဂျာတွေဟာ ​အသက် ​၁၈နှစ်နဲ့ ​၃၇ ​နှစ်ကြားဖြစ်ပါတယ်။ ​အဲဒီရိုဟင်ဂျာ ​တွေပြောတာကတော့ ​မြန်မာငါးဖမ်းသမားတွေက ​ရိုဟင်ဂျာ ​အမျိုးသမီး ​နှစ်ယောက်ကို ​ကိုယ်ထိလက်ရောက် ​စော်ကားခဲ့တဲ့အတွက် ​ထိန်းသိမ်းရေးစခန်းမှာ ​အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ ​လူသတ်မှုကျူးလွန်သူကို ​ထောင်ဒဏ် ​၁၂ ​နှစ် ​ကျခံရနိုင်ပေမယ့် ​လူသတ်မှုကျူးလွန်တဲ့ ​ရိုဟင်ဂျာတွေကို ​ထောင်ဒဏ်ကိုးလပဲ ​ချမှတ်ခဲ့တဲ့အတွက် ​တရားလိုဖက်က ​မကျေမနပ်ဖြစ်နေပါတယ်။

တဆက်တည်းမှာပဲ ​အင်ဒိုနီးရှားမှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​အသက် ​၂၃ ​နှစ်အရွယ် ​မွတ်စလင်တဦးကိုလည်း ​အင်ဒိုနီးရှား ​တရားရုံးက ​ရုံးတင်စစ်ဆေးလျက်ရှိပါတယ်။

မွတ်စလင်တွေကို ​ဖိနှိပ်ဆက်ဆံတဲ့ ​ဘယ်သူမဆို ​သူ့အနေနဲ့ ​ရန်သူလို့ ​သတ်မှတ်သလို ​သူ့ရဲ့ ​လုပ်ရပ်အပေါ်မှာလည်း ​နောင်တမရဘူးလို့ ​အဲဒီမွတ်စလင်က ​တရားရုံးမှာ ​ထွက်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ​မွတ်စလင်တွေ ​ဖိနှိပ် ​သတ်ဖြတ်ခံရတာကို ​ကလဲ့စားချေချင်တဲ့အတွက် ​မြန်မာ ​သံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ABC Radio Australia