လူမှုရေး လုပ်သားများကို သီရိလင်္ကာစစ်တပ် သတ်ဖြတ်ခဲ့ဟုဆို

ပို့စ်တင်ချိန် - 12/05/2013 06:18:00 PM


ကိုလံဘို၊ ဒီဇင်ဘာ ၎

သီရိလင်္ကာ ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် ၂၀၀၆ ခုနှစ် အတွင်းက လူမှုအကူအညီပေးရေး လုပ်သား ၁၇ ဦးကို သီရိလင်္ကာ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ပြင်သစ် လူမှုကူညီရေး အဖွဲ့အစည်းက စွပ်စွဲ ပြောဆိုလိုက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုရန်လည်း တောင်းဆို လိုက်ကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။

ဆာလောင်မှု တိုက်ဖျက်ရေး ACF ဟု အမည်ပေးထားသည့် အဆိုပါ အဖွဲ့အစည်းသည် သီရိလင်္ကာ အစိုးရက စုံစမ်း စစ်ဆေးပေးမှုကို စောင့်ဆိုင်း နေခဲ့သော်လည်း ထွက်လာသည့် ရလဒ်မှာ အဓိပ္ပာယ် မရှိသဖြင့် အလားတူ နိုင်ငံတကာ စုံစမ်းမှုကို လိုအပ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မွတ္တားမြို့ရှိ အဆိုပါရုံးတွင် သီရိလင်္ကာ ဒေသခံ အဆိုပါ ရုံးဝန်ထမ်းများ ပစ်သတ်ခံခဲ့ရသည်။

သီရိလင်္ကာစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိက ACF ၏ စွပ်စွဲပြောဆိုချက် များကို ပယ်ချလိုက်ပြီး ယင်းအဖွဲ့အစည်းသည် သက်သေ အထောက်အထားကို တင်ပြသင့်ကြောင်း ပြောကြားခဲ့သည်။

အလုပ်သမားများကို တန်းစီပြီး ထိုင်ခိုင်းကာ ဦးခေါင်းများကို ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ပြင်သစ် NGO က စွပ်စွဲ ပြောကြားထားသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားခဲ့သည် ဆိုသည့်ကာလမှာ ၂၀၀၆ ခုနှစ်အတွင်း တမီလ်ကျား သူပုန်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်နေစဉ် မွတ္တားမြို့ကို အစိုးရတပ်များ ဝင်သိမ်းစဉ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက သီရိလင်္ကာ နိုင်ငံတွင် ဓနသဟာယ နိုင်ငံများ အစည်းအဝေး ပြုလုပ်ခဲ့ရာ စစ်ရာဇ၀တ်မှု ဆိုင်ရာ ပြဿနာရပ်များက ဆွေးနွေးပွဲအပေါ် လွှမ်းမိုးခဲ့သည်။

အဆိုပါ ရာဇဝတ်မှုများအတွက် ပြည်တွင်း စုံစမ်းစစ်ဆေးမှုများက အလုပ်မဖြစ်ဘဲ မျက်မြင် သက်သေများကလည်း တိတ်ဆိတ် နေခဲ့သောကြောင့် ယခုကဲ့သို့ ထုတ်ဖော် ကြေညာရခြင်း ဖြစ်ကြောင်းလည်း ယင်းသတင်းက ဖော်ပြထားသည်။

သေဆုံးသွားသော ပြင်သစ် NGO ဝန်ထမ်းများမှာ တမီးလ် လူမျိုးများ ဖြစ်ကြကြောင်းလည်း အဆိုပါ အဖွဲ့အစည်းက အတည်ပြု ဖော်ပြထားသည်။

ကာလရှည် ကြာမြင့်ခဲ့ပြီဖြစ်သော သီရိလင်္ကာ တမီးလ် သူပုန်ထမှုကို အပြီးတိုင် နှိမ်နင်းခဲ့သည့် အဆိုပါစစ်ပွဲ အဆုံးပိုင်း ကာလများတွင် လူခုနစ်သောင်းခန့် သေဆုံးခဲ့ရသည်ဟု နိုင်ငံတကာက ခန့်မှန်းထားကြသည်။
The Voice Weekly