ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ

ပို့စ်တင်ချိန် - 3/19/2014 04:35:00 PM


ကိယက်၊ မတ် ၁၈

ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်းတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှားပိုင် နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြသည်။

ရုရှားအနေနှင့် ယူကရိန်း၏ ကရိုင်းမီးယားဒေသကို သိမ်းပိုက် ရယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် ထုတ်ဖော် ကြေညာသည်။

သမ္မတပူတင်သည် ရုရှားဖက်ဒရေးရှင်းထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးနှင့် ပတ်သက်၍ ရုရှားနှင့် ကရိုင်းမီးယား ရီပတ်ဗလစ်အကြား ပဋိညာဉ် မူကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေးအတွက် ဒီကရီတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်သည်။

Reuters သတင်းဌာန၏ ရေးသား ဖော်ပြချက်တွင် အဆိုပါ အမိန့်ဒီကရီအရ သမ္မတပူတင်သည် ကရိုင်းမီးယားဒေသမှ ရုရှား လူမျိုးခေါင်းဆောင်နှင့် ပဋိညာဉ် တစ်ရပ်ကို လက်မှတ် ရေးထိုးမည်ဖြစ်ပြီး အဆိုပါ ခေါင်းဆောင်က ရုရှားထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးအတွက် အဆိုပြုသွားဖွယ် ရှိသည်။

ယခုကဲ့သို့ ကရိုင်းမီးယားဒေသကို ရုရှားထဲသို့ သိမ်းပိုက်ရယူရန် ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ ဝေဖန် ကန့်ကွက်သည့် နိုင်ငံများထဲတွင် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသာမက ရုရှား အစိုးရ၏ မိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံလည်း ပါဝင်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံသည် ဆီးရီးယား အာဏာရှင်သမ္မတ ဘာရှာအာဆတ် အစိုးရအဖွဲ့အပေါ် ပြင်းထန်သည့် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်မည့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတို့ စီစဉ်ခဲ့စဉ်က ရုရှားနှင့်အတူ လုံခြုံရေးကောင်စီတွင် ကန့်ကွက်ခဲ့ပြီး ဆီးရီးယား သူပုန်များအပေါ် လက်နက် ထောက်ပံ့မှုများသည် အချုပ်အခြာအာဏာ ကျူးကျော်မှု တစ်ရပ်အဖြစ် ပြစ်တင် ပြောဆိုခဲ့သည်။

သို့သော် ယခုယူကရိန်း၏ အချုပ်အခြာ အာဏာကိစ္စတွင် တရုတ်နှင့် ရုရှားတို့ သဘောထားချင်း တူညီမှု မရှိသည်ကို တွေ့ရသည်။
“တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် နယ်နိမိတ်အပေါ် အမြဲတစေ လေးစားခဲ့ပါတယ်။ ကရိုင်းမီးယားဒေသ အကျပ်အတည်းကို သတ်မှတ်ထားတဲ့ ဥပဒေ မူဘောင်ထဲကနေ နိုင်ငံရေးအရ ဖြေရှင်းသွားသင့်ပါတယ်။ နောက်ထပ် တင်းမာမှုတွေ မဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းသွားကြဖို့ ကရိုင်းမီးယား အကျပ်အတည်းမှာ ပါဝင်တဲ့သူတွေ အားလုံးကို မေတ္တာရပ်ခံ လိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လိုင်းက ပြောကြားသည်။

တရုတ်တစ်ပြည်ထောင် မူဝါဒကျင့်သုံးသော ဘေဂျင်း အစိုးရသည် ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်သည့် ၎င်း၏ ရပ်တည်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပံ့မှု ရရှိရန် လိုအပ်နေသည်ဖြစ်ရာ လုံခြုံရေး ကောင်စီတွင် ကရိုင်းမီးယား ပြဿနာအတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်အား ရုရှားနိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သော်လည်း တစ်စုံတစ်ရာမျှ တုံ့ပြန်ပြုမူခဲ့ခြင်း မရှိပေ။

ယူကရိန်းနိုင်ငံ၏ ကရိုင်းမီးယားဆိုင်ရာ ပြဿနာအတွက် လုပ်ဆောင်စရာ မြောက်မြားစွာ ရှိနေသည်ဟုသာ တရုတ်နိုင်ငံက ထုတ်ဖော် အသိပေးခဲ့သည်။

ယခုအခါတွင် အမေရိကန် အရာရှိကြီးများသည် ယူကရိန်း၏ ကရိုင်းမီးယား ပြဿနာတွင် ရုရှားအနေနှင့် နိုင်ငံတကာ ဥပဒေနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ထားသည့် ပုံစံမျိုးဖြစ်အောင် ပုံဖော်ကာ ရုရှားအစိုးရကို အထီးကျန်ဖြစ်ရေးအတွက် ကြိုးပမ်းလျက် ရှိသလို တရုတ် အရာရှိကြီးများနှင့်လည်း အနီးကပ် တိုင်ပင် ညှိနှိုင်းလျက်ရှိသည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ရုရှား နိုင်ငံရေးသမား လီယိုနစ်စလပ်စကီက ဒူးမားလွှတ်တော်၌ ပြောဆိုရာတွင် ကရိုင်းမီးယားဒေသနှင့် ပတ်သက်သည့် ရုရှား၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်သည်ဟု ချီးမွမ်းပြီး တရားမျှတမှုနှင့် အမှန်တရားတို့ ပြန်လည် မွေးဖွား လာပြီ ဖြစ်ကြောင်း ပြောကြားသည်။

The Voice Weekly