မလေးရှားလေယာဉ်တွင် လိုက်ပါခဲ့သော တရုတ်ခရီးသည်အားလုံး အကြမ်းဖက်မှုနှင့် ဆက်နွှယ်မှုမရှိဟု တရုတ်ထုတ်ပြန်

ပို့စ်တင်ချိန် - 3/19/2014 09:10:00 AM


Published on: March 18, 2014
ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များအတွက် ဆုတောင်းစာများကို ကွာလာလမ်ပူရှိ ကုန်တိုက်တစ်ခုတွင် ဖတ်ရှုနေသည့် အမျိုးသမီးတစ်ဦး (Photo:AP)
မလေးရှားလေယာဉ် အံ့အားသင့်ဖွယ် ပျောက်ဆုံးသွားရသည့် အကြောင်းအရင်းကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးသူများက ကြိုးပမ်းနေရချိန်တွင် လေယာဉ်ပေါ် လိုက်ပါခဲ့သည့် တရုတ်နိုင်ငံသား ခရီးသည် ၁၅၃ ဦးကို စုံစမ်းစစ်ဆေးခဲ့ရာ အန္တရာယ်ပြုနိုင်သော မသင်္ကာစရာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးရက မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်ရှိ ခရီးသည်နှင့်  ၀န်ထမ်း ၂၃၉ ဦးအနက် သုံးပုံနှစ်ပုံသည် တရုတ်နိုင်ငံသားများ ပါဝင်နေသဖြင့် ၎င်းတို့အားလုံး၏ နောက်ကြောင်းအား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် မလေးရှားအာဏာပိုင်များက တရုတ်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်ရှိ လူနည်းစု မွတ်စလင် ၀ီဂါမျိုးနွယ်စုမှ ခရီးသည်တစ်ဦးကို အဓိကစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ ဖြစ်နိုင်ခြေရှိသော လေယာဉ်ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်သော အထောက်အထား တစ်စုံတစ်ရာကို မည်သူ့ထံတွင်မျှ မတွေ့ရှိခဲ့ရကြောင်း မလေးရှားဆိုင်ရာ တရုတ်သံအမတ် ဟွမ်းဟွေခန်းက မတ် ၁၈ ရက် တွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။ တရုတ်သည် ၎င်းတို့ပိုင်နက်အတွင်း လေယာဉ်ရှာဖွေမှုကို စတင်နေပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သော်လည်း အသေးစိတ် မပြောကြားခဲ့ပေ။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဘိုရင်း ၇၇၇ လေယာဉ်သည် မတ် ၈ ရက် နံနက်အစောပိုင်းတွင် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့သည်မှာ မတ် ၁၈ ရက်တွင် ၁၁ ရက်မြောက် ရှိပြီဖြစ်သည်။ လေယာဉ်ပျောက်ဆုံးသွားနိုင်ခြေရှိသော အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှ ဟိမ၀န္တာတောင်တန်းပေါ်နှင့် ဗဟိုအာရှအထိ ဖြန့်ကြက်ရှာဖွေခဲ့ကြသော်လည်း အရိပ်အယောင်ပင် မတွေ့ရသေးပေ။ မတ် ၈ ရက်တွင် လေယာဉ်ပျောက်ဆုံးပြီးနောက်ပိုင်း နေ့ရက်များနှင့် နာရီများအတွင်း တန်ဖိုးရှိသောအချိန်နှင့် ရင်းမြစ်များ အလဟဿ ဖြစ်ခဲ့ရကြောင်း ဆင်ဟွာက မလေးရှားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

လေယာဉ်ရှာဖွေမှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြည့်စုံတိကျစွာ ထုတ်ပြန်ပေးရန် တရုတ်ဝန်ကြီးချုပ် လီခယ်ကျန်းက မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်အား မတ် ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။

အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး ဇာဟာရီအာမက်ရှာသည် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို ထောက်ခံသူဖြစ်ကြောင်း ၎င်းနှင့်လက်တွဲလုပ်ဖူးသူများက ပြောကြားခဲ့သည်။ ယင်းလေယာဉ်မထွက်ခွာမီ နာရီပိုင်းအလိုတွင် အန်ဝါသည် မလေးရှား၌ ပိတ်ပင်ထားသည့် လိင်တူချင်းလိင်ဆက်ဆံမှုတွင် အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခံခဲ့ရသည်။ လေယာဉ်မှူးသည် နိုင်ငံရေးလက်စားချေရန် လေယာဉ်ကို ယခုကဲ့သို့ လုပ်ဆောင်ခဲ့ဖွယ် ရှိသည်ဟု ချိတ်ဆက်ပြောဆိုမှုအား အန်ဝါက မတ် ၁၈ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

Ref:AFP

Credit: Eleven media