မန္တလေးတွင် တရုတ်အကူအညီဖြင့် ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ တည်ဆောက်မည်

ပို့စ်တင်ချိန် - 3/19/2014 11:01:00 AM



မန္တလေး၊ မတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် မန္တလေးမြို့တော်တွင် ခုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကု ကလေးဆေးရုံ ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောကြားသည်။ တရုတ်နိုင်ငံက မည်မျှ အကူအညီ ပေးမည်ကိုမူ မသိရှိရသေးပေ။

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၆လမ်းရှိ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မြေနေရာတွင် ကုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကု ကလေးဆေးရုံ ဆောက်လုပ်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

မန္တလေးဆေးရုံကြီး၌ ဖွင့်လှစ်ထားသော ခုတင် ၃၀၀ ဆံ့ အထွေထွေ ရောဂါကု ကလေးဆေးရုံသည် ကလေးရုံအဆောင် နေရာ ကျဉ်းသည့်အတွက် သုံးထပ်ဆောင် ထပ်မံဆောက်လုပ် ခဲ့သော်လည်း ကလေး လူနာဦးရေ တိုးပွားလာပြီး မလုံလောက် တော့သောကြောင့် ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း ၂၇ x ၂၈ လမ်းတွင် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကို ၂၀၁၁ စက်တင်ဘာလတွင် ထပ်မံ ဆောက်လုပ်ခဲ့ကြောင်း ဒေါက်တာဝင်းလှိုင်က ထပ်မံပြောကြားသည်။

"အထက်မြန်မာပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကောင်းလာမယ်၊ ကုသရေး၊ သင်ကြားရေးတို့ပါ တွဲပြီးထားမှာ ဖြစ်တဲ့အတွက် နိုင်ငံအတွက် လိုအပ်တဲ့ အထူးကုဆရာဝန်တွေ အများကြီး ထွက်ပေါ်လာနိုင် ပါတယ်" ဟု မန္တလေး အထွေထွေ ရောဂါကုဆေးရုံအုပ်ကြီး ဦးဝင်းက ဆိုသည်။

အဆိုပါ ကလေးဆေးရုံ ဆောက်လုပ်မည့် အစီအစဉ်မှာ နိုင်ငံတော် အစီအစဉ်မှ တစ်ဆင့် ညွှန်ကြားလာခြင်း ဖြစ်သည့်အတွက် စတင်ဆောက်လုပ်မည့် အချိန်ကို မသိရသေးကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကလည်း ဆောက်လုပ်ရန် လက်ခံထားရှိပြီး မြေနေရာ အကျယ်အဝန်းမှာ ဆောက်လုပ်မည့် ဒီဇိုင်းပေါ် မူတည်ပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာဝင်းလှိုင်က ရှင်းပြသည်။

The Voice Weekly