သန်းခေါင်စာရင်းအပေါ် စိုးရိမ်မှုကဘာတွေလဲ

ပို့စ်တင်ချိန် - 3/19/2014 04:54:00 PM


ရေးသားသူ- ထွန်းခိုင်၊ နန်းအောင်

အလျင်အမြန်ဖွံ့ဖြိုးလာနေသည့် တရုတ်နှင့် အိန္ဒိယတို့သည် ခေတ်သစ်အာရှတိုက်သမိုင်းကြောင်း ပြောသူများ၏ ဇာတ်လမ်းများထဲတွင် မပါမဖြစ်ဇာတ်လိုက်ကျော်များဖြစ်သည်။

ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိသည့် တရုတ်နှင့် အိန္ဒိယအကြား သပ်ထိုးထားသလို ညပ်နေသည့် နိုင်ငံတစ်ခုရှိသည်။

ယင်းနိုင်ငံက မြန်မာနိုင်ငံပင်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယအကြောင်း စိတ်ဝင်စားသူတိုင်းအတွက် မသိမဖြစ်လောက်နီးပါး အရေးပါသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။

သို့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အသိုင်းအ၀ိုင်းနှင့် ခပ်ကင်းကင်းနေခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပထ၀ီအနေအထားအရ မဟာဗျူဟာမြောက်အရေးပါသည့် နေရာတစ်ခုတွင်ရှိကြောင်းမှလွဲ၍ တခြားအကြောင်းအရာများကို သိသူသိပ်နည်းပါးလှသည်။

ယုတ်စွအဆုံး ထိုနိုင်ငံငယ်လေးတွင် လူဦးရေမည်မျှနေသည်ကိုပင် မည်သူမျှတိတိကျကျမသိ။

သို့သော် မကြာမီ ထိုအဖြေကို ရရှိတော့မည်ဖြစ်သည်။ ဦးသိန်းစိန် သမ္မတအဖြစ်တက်လာပြီး နောက်ပိုင်းတွင် အစိုးရက တိုင်းပြည်အတွက် အရေးပါသည့်စီမံကိန်းအဖြစ် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လ ၃၀ ရက်မှစတင်ပြီး သန်းခေါင်စာရင်း ကောက်ခံတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ လုံးလုံး အစိုးရရော၊ ပြည်သူပါ အတွေ့အကြုံလုံးဝမရှိခဲ့သည့် သန်းခေါင်စာရင်းသည် အချို့သောသူများအတွက် စိုးရိမ်စရာကိစ္စတစ်ခုလည်း ဖြစ်လာခဲ့သည်။

ပုဂ္ဂလိကလုံခြုံရေးအတွက် စိုးရိမ်မှု
‘‘သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း (သို့မဟုတ်) စစ်ဆေးခြင်းမပြု’’ဟု အစိုးရက အကြိမ်ကြိမ်ကတိက၀တ်များ ပေးနေသော်လည်း လူအများ၏စိုးရိမ်မှုကတော့ ရှိနေဆဲဖြစ်သည်။

အတိတ်ကာလများဆီက နိုင်ငံအကျပ်အတည်းများနှင့် အောက်ခြေအကျင့်ပျက်ဝန်ထမ်းများ၏ ဆိုးရွားသည့်လုပ်ရပ်များကြောင့် သန်းခေါင်စာရင်းအပေါ် လူအများ၏ ယုံကြည်မှုကို လျော့ကျစေခဲ့ကြောင်း တောင်သူလယ်သမားများအရေး လှုပ်ရှားသူ ဦးထွန်းအောင်ကပြောသည်။

အစိုးရသစ်လက်ထက် ရပ်/ကျေးအဆင့် အုပ်ချုပ်သူအချို့က လယ်ယာမြေဆုံးရှုံးသူများစာရင်း ကောက်ခံသည်ဟု ဆန္ဒပြလယ်သမားများထံ လိမ်လည်တောင်းဆိုပြီး အဆိုပါစာရင်းများအတိုင်း တရားစွဲဆိုမှုများ မကြာခဏဖြစ်ပွားခဲ့သောကြောင့် အစိုးရပိုင်းမှကောက်ယူသည့် စာရင်းဆိုပါက လူထုကြားထဲ ယုံကြည်မှုလျော့ကျခဲ့ကြောင်း ဦးထွန်းအောင်ကပြောသည်။

‘‘လယ်သမားတွေကို တရားစွဲရင်လည်း နှစ်ပေါက်အောင်ကြာတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကစွဲတဲ့အမှုက တရားသူကြီးသာ နှစ်ယောက်ပြောင်းသွားတယ် အခုထိ ခေါ်စစ်နေတုန်းပဲ’’ဟု လယ်ယာမြေပြန်လည်ရရှိရေးလှုပ်ရှားမှုကြောင့် တရားရင်ဆိုင်နေရသည့် ရန်ကုန်မြို့ သန်လျင်မြို့နယ် သီလ၀ါမှ လယ်သမားဦးလှမြင့်ကပြောသည်။

ယခုကောက်ခံမည့်စာရင်းတွင်လည်း နေအိမ်ပိုင်ဆိုင်မှု၊ ရုပ်ဝတ္ထုပစ္စည်းများပိုင်ဆိုင်မှု၊ မိသားစုအခြေအနေ စသည်တို့ကို ထည့်သွင်းမေးမြန်းမည်ဖြစ်ပြီး ထိုမေးခွန်းများဖြေဆိုပြီးပါက အခွန်စိစစ်ခြင်း၊ အခြားအကြောင်းအရာများဖြင့် အရေးယူခံရမည်ကို လူထုအတွင်း စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် မေးခွန်းများသည် လူအများစိုးရိမ်နေသလို အရေးယူရန် မေးမြန်းခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရန် အချက်အလက်ကောက်ယူခြင်းသာဖြစ်ကြောင်း၊ စိုးရိမ်မှုများရှိနေသလို နောက်ဆက်တွဲအရေးယူမှုများ မပြုလုပ်နိုင်ရန် ဥပဒေအရ အပြည့်အ၀အကာအကွယ်ပေးထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

‘‘ကျွန်တော်ပြောတာမယုံဘူး။ ဥပဒေအရမယုံဘူးဆိုရင်တောင် တကယ့်လက်တွေ့အရ စဉ်းစားကြည့်လိုက် ဘယ်လိုမှ အခွန်ကောက်လို့မရဘူးဆိုတာ ရှင်းရှင်းလေးပါ။ အဲဒီအချက်နဲ့ အခွန်ကောက်လို့မရပါဘူး’’ဟု ဦးခင်ရီက 7Day News နှင့် သီးသန့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသွားသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး အရှုပ်အထွေးနှင့် တိုင်းရင်းသားများ၏စိုးရိမ်မှု
သန်းခေါင်စာရင်းတွင်လည်း အဆိုပါ ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံမည်ဟု အစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

သို့သော်လည်း သန်းခေါင်စာရင်းကြောင့် ၎င်းတို့တိုင်းရင်းသားအမည်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မှုများရှိနေသလို တရားဝင်စာရင်းတွင် စာလုံးပေါင်းလွဲမှားနေမှုများ အတည်ဖြစ်သွားမည်ကို စိုးရိမ်နေကြသည့် တိုင်းရင်းသားများလည်းရှိသည်။

တိုင်းပြည်၏ လူဦးရေအများဆုံးဖြစ်သည့် ဗမာမျိုးနွယ်စုများအတွင်းမှာပင် အမည်သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများရှိနေဆဲဖြစ်သည်။ ဗမာမျိုးနွယ်စုအောက်တွင် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး(ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)ဟု သတ်မှတ်ချက်ကိုးမျိုးအထိရှိနေခဲ့ပြီး ဗမာတိုင်းရင်းသားများကိုယ်တိုင် ယင်းတို့ထဲမှ မည်သည့်အမည်ကို ထည့်သွင်းရမည်ဆိုသည်ကို ရှုပ်ထွေးနေဆဲဖြစ်သည်။ လူမျိုးအမည်တွင် ထားဝယ်၊ မြိတ် စသည့်အမည်များ ထည့်သွင်းရန်ကိုပင် သန်းခေါင်စာရင်းကောက်ယူရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်အထိ မြိတ်၊ ထားဝယ် စသည့်ဒေသခံများက မသိရှိကြသေးကြောင်း မြို့ခံများကပြောသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် ရှမ်းနီဟု ထည့်သွင်းခွင့်ပြုရန် ၎င်းတို့၏ ကာလရှည်ကြာ ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဝင်းထွန်းကပြောသည်။

‘‘ကျွန်တော်တို့က ကိုယ့်လူမျိုး ဘယ်လောက်ရှိလဲသိချင်တာ။ နောက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးကိစ္စ တောင်းဆိုတာမျိုးတွေကျတော့ လူဦးရေစာရင်း အတိအကျမရရင် နစ်နာမှုတွေရှိနိုင်တယ်’’ဟု ဦးစောဝင်းထွန်းကပြောသည်။

ထို့အပြင် အချို့သော အခေါ်အဝေါ်များသည် သက်ဆိုင်ရာတိုင်းရင်းသားများက ၎င်းတို့ကို နှိမ့်ချဆက်ဆံသည့်သဘောမျိုးဖြင့် ခေါ်ဝေါ်သည်ဟု ခံစားနေရကြောင်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

သန်းခေါင်စာရင်းတွင် ထည့်သွင်းမည့် ‘‘ကယန်း(ပဒေါင်)’’အမည်တွင် ‘‘ပဒေါင်’’သည် နှိမ့်ချသည့် အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန် တောင်းဆိုလျက်ရှိသည်။

ကန့်ကွက်တောင်းဆိုမှုများရှိနေသော်လည်း ၁၃၅ မျိုးကို အတည်ယူကောက်ခံခြင်းမှာ တိုင်းရင်းသားများ၏ ခံစားချက်ကို လျစ်လျူရှုထားခြင်းမဟုတ်ဘဲ တရားဝင်သတ်မှတ်ချက်နှင့် ခေတ်အဆက်ဆက် ကောက်ခံလာသည့် စာရင်းများကို အခြေခံကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီက တုံ့ပြန်သည်။

‘‘သို့သော် ဒါကို (၁၃၅ မျိုးကို) မှန်တယ်လို့ ကျွန်တော်တို့ တရားသေဆုပ်ကိုင်ပြီး ပြောနေတာမဟုတ်ပါဘူး။ အခုလို အငြင်းပွားမှုတွေရှိတဲ့အတွက်ကြောင့် ပြင်ချင်လို့ ကျွန်တော်တို့က ဒါကိုကောက်လိုက်တာ။ ပြင်ဖို့ဆိုတာက လူအားလုံးရဲ့ဆန္ဒပါမှဖြစ်တယ်။ တစ်ဖွဲ့ကလာပြော၊ တစ်ယောက်ကလာပြောရုံနဲ့ ဒါလူအားလုံးရဲ့ ဆန္ဒလို့ပြောလို့မရဘူး’’ဟု ဦးခင်ရီကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များစိုးရိမ်မှု
မြန်မာနိုင်ငံတွင် လူဦးရေမည်မျှရှိသည်ကို သမိုင်းတစ်လျှောက် မည်သည့်အခါကမျှ တိတိကျကျမသိရှိခဲ့ရ။ အကြောင်းက ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြောင့် မငြိမ်မသက်ဖြစ်နေခဲ့သည့် နယ်မြေများမှ အချက်အလက်များ မရရှိခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ယခုတစ်ခေါက်ကောက်ယူမည့် သန်းခေါင်စာရင်းတွင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနီးပါး ပူးပေါင်းဆောင်ရွက်မှုရှိပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

သို့သော်လည်း စိုးရိမ်စိတ်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်းရှိသည်။

တိုင်းရင်းသားများ၏ ခံစားချက်များကို လျစ်လျူရှုပြီး အမည်စာရင်းမှန်ကန်ရန် တောင်းဆိုထားသည့်ကြားမှ အစိုးရက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ရှေ့တိုးလုပ်ဆောင်နေသည့်အတွက် တိုင်းရင်းသားများနှင့် အစိုးရအကြား နားလည်မှုလွဲမည်ကိုစိုးရိမ်ကြောင်း ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအောင်မြင်မှုမရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် တအောင်း/ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA)၏ ပြောရေးဆိုခွင့်ရှိသူကလည်း သန်းခေါင်စာရင်းအကြောင်းပြုပြီး အစိုးရတပ်များ လှုပ်ရှားမည်ကို စိုးရိမ်ကြောင်းပြောသည်။

နှစ်ဖက်တပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်နေသည့် PSLF/TNLA နှင့် အစိုးရအကြား သန်းခေါင်စာရင်းအတွက် တစ်စုံတစ်ရာ တိကျသည့် သဘောတူညီချက်မရှိသေးကြောင်း ၎င်းကပြောသည်။

အနောက်အရပ်မှစိုးရိမ်မှု
မြန်မာနိုင်ငံလူဦးရေ၏ နှစ်ဆကျော်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်လျက်ရှိနေသည့် မြန်မာနိုင်ငံအနောက်ဘက်တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများသည်လည်း သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သည်။

သန်းခေါင်စာရင်းကောက်မည့် ရက်မတိုင်မီ နှစ်ပတ်ခန့်အလို မတ်လ ၁၆ ရက်တွင် ပြည်နယ်တစ်ခုလုံးနီးပါးတွင် သိန်းဂဏန်းနှင့်ချီသည့် ရခိုင်တိုင်းရင်းသားများက လမ်းမများပေါ်ထွက်ကာ သူတို့၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။

‘‘သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ထည့်ခြင်းအားဖြင့် ဘင်္ဂါလီတွေရဲ့ သမိုင်းလိမ်နာမည်ကို အသိအမှတ်ပြုရာရောက်မယ်’’ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စစ်တွေမြို့မှ
မြို့မိမြို့ဖ ဦးသန်းထွန်းကပြောသည်။ ရခိုင်တိုင်းရင်းသားများက ကာလရှည်ကြာ အငြင်းပွားနေသည့် ရိုဟင်ဂျာအမည်ကို သန်းခေါင်စာရင်းတွင် ထည့်သွင်းခွင့်ပြုမည်ကို စိုးရိမ်လျက်ရှိသည်။

‘‘ရိုဟင်ဂျာလို့ထည့်သွင်းခွင့်ပြုလိုက်ရင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သွားမယ်’’ဟု ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။ ၎င်းတို့၏စိုးရိမ်မှုကို အစိုးရကဂရုမစိုက်ပါက သန်းခေါင်စာရင်းကို ရခိုင်တစ်မျိုးသားလုံး သပိတ်မှောက်မည်ဟုလည်း ကြေညာထားသည်။

အစိုးရကတော့ ရိုဟင်ဂျာအမည်မှာ တရားဝင်အသိအမှတ်ပြုထားသည့် အမည်မဟုတ်ကြောင်း အထပ်ထပ်ငြင်းဆိုထားပြီး သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟုဖြည့်သွင်းပါက ဖြည့်သွင်းသူသာ နစ်နာမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် နှစ်ပေါင်းသုံးဆယ်အတွင်း ပထမအကြိမ် သန်းခေါင်စာရင်းကို လာမည့်ရက်ပိုင်းအတွင်း စတင်ကောက်ခံတော့မည်ဖြစ်သည်။

တိုင်းပြည်၏ လူဦးရေအများစုသည် သန်းခေါင်စာရင်းနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရတော့မည်ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)


7Day News Journal