ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား

ပို့စ်တင်ချိန် - 3/19/2014 05:19:00 PM


ရန်ကုန်၊ မတ် ၁၈

ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ Mr. Masaki Takahara က The Voice သို့ ပြောကြားသည်။
“သီလဝါက မြစ်ထဲကို ပြန်ဝင်ရတာ ရှိပေမယ့် ထားဝယ်က ပိုပြီးကြီးတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၃၂၀ အကွာမှာ ရှိတာရယ်။ လွတ်လွတ်လပ်လပ် လုပ်နိုင်တာကြောင့် ထားဝယ်ကို စိတ်ဝင်စားကြတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ တည်ဆောက်မှု အခြေအနေမှာ လတ်တလောတွင် ဆိုင်းငံ့ထားပြီး ယခင်ဇုန်တည်ဆောက်ရေး တာဝန်ခံ အီတာလျံ-ထိုင်းကုမ္ပဏီ နုတ်ထွက်ပြီးနောက်တွင် စီမံကိန်း၏ နောက်ဆုံး အခြေအနေ သိရှိရန် တိုင်းတာစစ်ဆေးမှုများ (Due Diligent) ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားထားသည်။

“ထားဝယ်စီမံကိန်းက စလုပ်မယ့် ကနဦး စီမံကိန်းမှာ Light Industries (အပေါ့စား စက်မှုလုပ်ငန်းများ)၊ Labor Intensive (လုပ်အားစူးစိုက်လုပ်ငန်းများ) လုပ်ငန်းတွေကို အဓိက ခွင့်ပြုသွားမှာပါ” ဟု ၎င်းကဆိုသည်။

ကနဦး စီမံကိန်းပြီးစီးမှသာ သံရည်ကျို လုပ်ငန်းများကဲ့သို့ အကြီးစား စီမံကိန်းကြီးများကို လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် ငွေကြေးအင်အား တတ်နိုင်သည့် ကုမ္ပဏီ မရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ထားဝယ် စီမံကိန်းတွင် တတိယမြောက် ပူးပေါင်း အကောင်အထည်ဖော်မည့် မိတ်ဖက်အဖြစ် ပါဝင်ရန် ဂျပန်အစိုးရကို ဖိတ်ခေါ်ထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံအစိုးရချင်း သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။
The Voice Weekly