အစ္စလာမ်သင်္ချိုင်းအား မီးရှို့သူများနှင့် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ရမ်းကားသူ ခုနစ်ဦးကို ပုဒ်မ ၅၀၅(ခ)၊(ဂ) နှင့် ပုဒ်မ (၂၅၄/၁၄၇) တို့ဖြင့် အမှုဖွင့် အရေးယူ

ပို့စ်တင်ချိန် - 7/06/2014 10:59:00 AM


အေးရိပ်ငြိမ်သုသာန်နယ်မြေရှိ အစ္စလာမ်သချိုင်းအား မီးရှို့သူများနှင့် တုတ်၊ ဓား၊ လက်နက်
ကိုင်ဆောင်ရမ်းကားသူ ခုနစ်ဦးကို ပုဒ်မ ၅ဝ၅(ခ)(ဂ)နှင့်ပုဒ်မ ၂၅၄/၁၄၇ တို့ဖြင့် အမှုဖွင့်အရေး
ယူထားကြောင်း သတင်းရရှိသည်။



ဇူလိုင် ၁ ရက်ညမှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် အသတ်ခံရသူ ကိုထွန်းထွန်းနာရေး၌ အခြားဘာသာဝင်များ၏ သုသာန်မီးရှို့သူများနှင့် တုတ်၊ ဓား လက်နက်ကိုင်ဆောင်ရမ်းကား ဖျက်ဆီးသူ ခုနစ်ဦးကို ဘာသာရေးနှင့် ကိုးကွယ်သည့်ဘာသာကို စော်ကားဖျက်ဆီးမှု၊ နိုင်ငံတည်ငြိမ်မှု ပျက်ပြားစေပြီး အထိတ်တလန့်ဖြစ်စေမှု၊ ဘာသာအချင်းချင်း မသင့်မြတ်အောင် ဆောင်ရွက်စေမှု စသည့်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ပထမညတွင် တည်ငြိမ်အေးချမ်းသော်လည်း ဇူ လိုင် ၄ ရက် ၁ နာရီနောက်ပိုင်း၌ အသတ်ခံရသူ ကိုထွန်းထွန်း၏ ဈာပနအခမ်းအနားကို လူတစ်သောင်းခန့် လိုက်ပါပို့ဆောင်ရာ လမ်း ၈ဝ တွင် ဗလီဘေးတွင် ရပ်ထားသော ကားနှင့်ဆိုင်ကယ်ကို ဖျက်ဆီးခြင်း၊ အေးရိပ်ငြိမ်သုသာန်(ကြာနီကန်)ရှိ ဘာသာခြားသုသာန်များကို မီးရှို့ခြင်း၊ တုတ်၊ ဓား လက်နက်များဖြင့် ရမ်းကားမှုများ ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ အေးရိပ်ငြိမ်သုသာန်တွင် ဖြစ်ပွားနေစဉ် မန္တလေးမြို့တွင်းရှိ ဗလီများဖျက်ဆီးမည်ဟူသော သတင်းစကားကောလာဟလများ ပျံ့နှံ့နေပြီး ဈေးများ၊ ဆိုင်ခန်းများ မွန်းလွဲ ၃ နာရီနောက်ပိုင်း ပိတ်သိမ်းခဲ့သည်။

လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှာလည်း ဈာပနအခမ်းအနားပြုလုပ်နေစဉ်အချိန်တွင် နံဘေးလိုက်လံစောင့်ကြည့်နေပြီး နာရေးချအပြီး နန်းရှေ့ ၁၅ လမ်း၊ ၆၆ နှင့် ၆၁ လမ်းကြား တစ်လျှောက် ထပ်မံသောင်းကျန်း ဖျက်ဆီးဆူပူသူများကို ဖမ်းဆီး အရေးယူခဲ့သည်။

“နာရေးအခမ်းအနားမှာ ဘာသာခြားတွေရဲ့ သုသာန် မီးရှို့ဖျက်ဆီးသူတွေကို တရားခံပြေးအဖြစ် အမှုဖွင့်ထားတယ်။ နာရေးကအပြန်တော့ တုတ်၊ ဓားနဲ့ ဆူပူအော်ဟစ်ဖျက်ဆီးသူတွေကို စောင့်ကြည့်ဖမ်းဆီးခဲ့တာ နန်းရှေ့ ၁၅ လမ်းဘက်မှာ ဖမ်းမိပါတယ်။ တချို့ထွက်ပြေးတဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီးနေပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးက ပြောကြားသည်။

ဈာပနအပြန် နာရေးရှင်အိမ်ရှိရာ နန်းရှေ့ ၁၅ လမ်းနှင့် ၆၂ လမ်းထောင့်တွင် သုံးဦး၊ ၁၅ လမ်း၊ ၆၃ နှင့် ၆၄ လမ်းကြားတွင် လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၂၉၅/၁၄၇၊ ၅ဝ၅(ခ)(ဂ)ဖြင့် အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ ဇူလိုင် ၂ ရက် ညကလည်း လူလေးဦးကို ဆူပူမှုဖြင့် အရေးယူထားသည်။

Eleven media Group