ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်လူငယ်များကိုပြော

ပို့စ်တင်ချိန် - 7/06/2014 10:56:00 AM



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်- ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန်လွယ်သော်လည်း ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရန်မှာ ခက်ခဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက် နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံတွင် ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီစတင်တည်ထောင်စဉ်ကပင် အမိန့် အာဏာရာထူးများရှိသည့် ပါတီမဟုတ်ဘဲ ပြည်သူလူထုက ဒီမိုကရေစီကိုရရှိအောင်ယူပေးနိုင်မည့် ပါတီဖြစ်သည်ဆိုသော ယုံကြည်ချက်ကိုသာ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက်က ရန်ကုန်မြို့တွင် ကျင်းပနေသော ပါတီ၏ပထမအကြိမ် လူငယ်ညီလာခံတွင် ပြည်နယ်နှင့်တိုင်းများမှ လူငယ်ကိုယ်စားလှယ်များကို ပြောကြားခဲ့ သည်။


‘‘ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရတယ်ဆိုတာ ဂုဏ်ယူစရာကိစ္စပါ။ ဒီလိုရရှိထားတဲ့ဟာကို ထိန်းသိမ်းရမယ့်ဟာက ပိုပြီးတော့လည်း အရေးကြီးပါတယ်။ ပိုပြီးတော့လည်း ခက်ခဲပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် ယခုပစ္စုပ္ပန်တွင် မည်သည့်အရာများလိုအပ်နေသည်၊ မည်သို့လုပ်ရမည်ဆိုသည်ကို လူငယ် များအနေဖြင့် သေချာစွာသိရှိရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံသို့ တက်ရောက်လာသူ လူငယ် ၁၅၀ ကို ပြောကြားလိုက်ခြင်းဖြစ်သည်။



 7day daily