နေ့ခင်း ကြောင်တောင် လော့ကက်မျိုးစုံ ၁၃၀ ကျော် ခိုးယူမှု ဖြစ်ပွား

ပို့စ်တင်ချိန် - 7/06/2014 02:18:00 PM


ကော့ကရိတ် ဇူလိုင် ၅

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်တွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက အမှတ် (၆)ရပ်ကွက် ဈေးကြီးလမ်းရှိ ရွှေလင်းယုန် ရွှေဆိုင်၌ ရွှေထည်ပစ္စည်းများ ခိုးယူခံရကြောင်း သတင်းရရှိသဖြင့် စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် မွန်းတည့် ၁၂ နာရီတွင် မရှုရီ(ခ) မီးမီးသည် မိသားစုပိုင် ရွှေလင်းယုန်ရွှေဆိုင်တွင် ရွှေထည် ပစ္စည်းများ ရောင်းချနေရာ အရပ်မြင့် ခန္ဓာကိုယ်ပိန်ပါး ဆံပင်ရှည် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ဆွဲကြိုး လုပ်မည်ဟု ပြောရာ မရှုရီက ဆွဲကြိုး အမျိုးအစားများကို ပြသခဲ့သည်။ ၎င်းအမည်မသိ အမျိုးသမီးက နားကပ်ကို ပေါင်နှံလိုကြောင်း ပြောသဖြင့် မရှုရီက အပေါင်ခံပြီး ငွေကျပ် ၃ဝဝဝဝ ပေးလိုက်ရာ ၎င်းအမျိုးသမီး ပြန်သွားခဲ့သည်။

ယင်း အမျိုးသမီး ပြန်သွားပြီးနောက် မရှုရီက ၎င်းခင်းကျင်းထားသည့် ရွှေထည် ပစ္စည်းများကို စစ်ဆေးရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်မှာ ပျောက်ဆုံးနေသဖြင့် ကော့ကရိတ် မြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့်အဖွဲ့က လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ရာ နှင်းဆီအေး(ခ)လစီဒါ (၂၇နှစ်) ဘုရင့်နောင်လမ်း အမှတ်(၃) ရပ်ကွက်နေသူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းနေအိမ် ခြံဝန်းကို ရှာဖွေခဲ့ရာ နေအိမ်အောက် လွှစာမှုန့်ထဲတွင် ရွှေထည်ပစ္စည်းများ ထည့်ထားသည့် အဝတ်ထုပ်ကို ရှာဖွေတွေ့ရှိပြီး ၎င်းအ၀တ်ထုတ်ထဲတွင် ဒေါ်ရှုရီ ပျောက်ဆုံး သွားသော ရွှေထည် ပစ္စည်းများ ဖြစ်သည့် လော့ကက် ဆိုက်စုံ ၂၈ စုံ ၂၀ ကျပ်သား ခြောက်ပဲခွဲ (တန်ဖိုးငွေကျပ် ၁၄၃၀၀၀၀)၊ လော့ကက် ပန်းခက်စုံ ၂၂ ခု နှစ်ကျပ် ၁၀ ပဲ (တန်ဖိုးငွေကျပ် ၁၅၇၅၀၀၀)၊ အသည်းပုံ ဆိုက်စုံ ၃၇ ခုနှစ်ကျပ် နှစ်ပဲ လေးရွေး (တန်ဖိုးငွေကျပ် ၁၂၉၃၀၀၀)၊ ကျောက်ဆူးဝါးပုံ လေးထောင့်ပုံ ဆိုက်စုံ ၁၉ ခု တစ်ကျပ် ခြောက်ပဲတစ်ရွေး (တန်ဖိုးငွေကျပ် ၈၃၀၀၀၀)၊ လော့ကက်ထုဝိုင်း ကြီး/ သေး ခြောက်ခု ၁၄ ပဲ ငါးရွေး (တန်ဖိုးငွေကျပ် ၅၅၀၀၀၀)၊ လော့ကက်ကြုတ် ဆိုက်စုံ ၁၄ ခု တစ်ကျပ်သား ရှစ်ပဲခြောက်ရွေး (တန်ဖိုးငွေကျပ် ၉၃၀၀၀၀)၊ လော့ကတ် ကျောက်စုံ ဆွဲပြား ၁၂ ခု နှစ်ကျပ်သား ငါးပဲသုံးရွေး (တန်ဖိုးငွေကျပ် ၁၄၀၀၀၀၀) စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ရှစ်သိန်းနှင့် ရှစ်ထောင် ကျပ်ဖိုးကို သိမ်းဆည်းရမိခဲ့သည်။ ထို့နောက် ဆက်လက် ရှာဖွေခဲ့ရာ ရွှေထည် ပစ္စည်းများ ထည့်ထားသည့် ကော်ဘူး အဖြူရောင်အခွံကို နှင်းဆီအေး၏ အိမ်နောက်ဖေး ရေစပ်တွင် တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar