မန္တလေးမြို့အခြေအနေ ပြန်လည်တည်ငြိမ်စပြု ၁၆ ဦးကို ဖမ်းဆီးထားသော်လည်း လူသတ်မှု ကျူးလွန်သူများ ဖမ်းမမိသေး

ပို့စ်တင်ချိန် - 7/06/2014 02:23:00 PM


ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေသော မန္တလေးမြို့တွင် ဇူလိုင် ၄ ရက်ည မှစ၍ အကြမ်းဖက်မှုများ ဖြစ်ပွား မှုမရှိတော့ဘဲ ပြန်လည်တည်ငြိမ် စပြုလာပြီဖြစ်သည်။

ဇူလိုင် ၄ ရက်ညမှ စတင် ၍ ဇူလိုင် ၅ ရက် တစ်ရက်လုံး အုပ်စုဖွဲ့အကြမ်းဖက်သည့် ထူး ခြားဖြစ်စဉ်များ ဖြစ်ပွားမှုမရှိတော့ ဘဲ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘အခုလက်ရှိအနေအထား အတိုင်း ပြောပါမယ်။ ဒါ ကျွန် တော်တို့ ရရှိထားတဲ့ အခြေအနေ ကတော့ ထိန်းနိုင်တယ်လို့ ယူဆ လို့ရပါတယ်’’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ဇူလိုင် ၅ ရက် တစ်နေ့လုံး မန္တလေးမြို့တွင် အေးအေးချမ်း ချမ်းရှိနေပြီး ဈေးများ၊ ကျောင်း များ ပုံမှန်အတိုင်း ဖွင့်လှစ်ထား ကြောင်း၊ အုပ်စုဖွဲ့အကြမ်းဖက်မှု များ ဖြစ်ပွားခဲ့သော မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အနောက် ခြမ်းရှိ နေရာများနှင့် ဈေးချိုတော် အနီးတစ်ဝိုက်တွင်လည်း အစ္စ လာမ်ဘာသာဝင်များ၏ ဈေးဆိုင် အချို့မှလွဲ၍ ပုံမှန်အတိုင်းသွား လာလှုပ်ရှားမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

‘‘ဈေးပိတ်လိုက်ရတဲ့အထိ မဖြစ်ပေမယ့် လူက တော်တော် ကျဲသွားတယ်။ နယ်တွေကလည်း ကောလာဟလတွေကြောင့် မ လာကြဘူး။ အရင်ကတည်းက အရောင်းအဝယ်အေးနေတာ။ အ ခုလို ဖြစ်လိုက်တော့ ပိုဆိုးသွား တယ်။ ဈေးချိုတော်ကတော့ အစ ကနေ ပြန်စရမယ့် အခြေအနေရှိ တယ်’’ဟု မန္တလေးဈေးချိုတော်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

အနည်းငယ်တည်ငြိမ်မှု ရှိ လာပြီဆိုသော်လည်း အစ္စလာမ် ဘာသာဝင်အများစုမှာ စိုးရိမ်နေ ဆဲဖြစ်ပြီး အချို့မှာ ပြင်ဦးလွင်မြို့ အပါအဝင် နီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်မှုများ ရှိနေ သည်ဟု သတင်းရရှိသည်။

မန္တလေးမြို့အနှံ့တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေပြီး ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ည ၉ နာရီမှ နံ နက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သည်။

ရက်အကန့်အသတ်မရှိ ပုဒ်မ၁၄၄ ထုတ်ပြန်ထားသော်လည်း မြို့၏ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်သုံးသပ်ကာ ပြန်လည်ရုပ် သိမ်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောကြားသည်။

 သို့သော်လည်း အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူများကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး’’ ဟု ဝန်ကြီးချုပ်ကပြောပြီး အုပ်စု ဖွဲ့ လူသတ်မှုကျူးလွန်သူများအား ဖြစ်နိုင်ခြေ အနေအထား၊ ဆက် စပ်သတင်းများအပေါ် အခြေခံပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးစား ဆဲဖြစ်သည်ဟု ပြောသည်။ အုပ်စု ဖွဲ့သတ်ဖြတ်ခံရသူ ကိုထွန်းထွန်း နှင့်အတူ ဆိုင်ကယ်အတူစီးပြီး အ သက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကိုထွေး (ခ) ကိုသိန်းနိုင်ထွေး မျက်မြင်သက်သေရှိသော်လည်း အ ခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့် တိုင် တရားခံမဖော်ထုတ်နိုင်သေး ဟုဆိုသည်။

မန္တလေးအဓိကရုဏ်းဖြစ်စဉ် များအပေါ် အစိုးရအဖွဲ့၏ ကိုင် တွယ်မှုနှင့် အရေးယူမှုတွင် အားနည်းချက်များစွာ ရှိနေသည် ဟု မြို့ခံအချို့က ဝေဖန်သည်။ အုပ်စုဖွဲ့ အကြမ်းဖက်သူများကို ထိ ထိရောက်ရောက် ဖမ်းဆီးအရေး ယူစေလိုကြပြီး ထိုသို့လုပ်ဆောင် မှသာ နောင်တွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ ရှောင်ကြဉ်ပြီးမြို့တည်ငြိမ်မည်ဟု မြို့ခံများက ပြောသည်။

7day daily