ကျေးဇူးပြု၍ ပစ်မထားပါနှင့်ခင်ဗျား... - ဖိုးစမ်းချောင်း (GG)

ပို့စ်တင်ချိန် - 7/06/2014 02:28:00 PM



ချမ်းအေးလှသော ဒီဇင်ဘာ ည ၁၀နာရီခန့်တွင် ဖိုးစမ်းချောင်း တစ်ယောက် စစ်ကိုင်းမှ မန္တလေးသို့ ပြန်လာခဲ့သည်။ အမရပူရမြို့အ၀င် ဖြစ်သော ရတနာဂူ အောက်နန်းမရောက်ခင် တပြခန့် အလိုတွင် ဆိုင်ကယ်တစ်စီး ပိုးလိုးပက်လက် မှောက်နေသဖြင့် မူလက အမူးသမားတစ်ဦး လဲနေသည် ထင်ပြီး ကျော်သွားသည်။ နာရီ ကြည့်တော့ ၁၀နာရီ ၁၅မိနစ်ရှိလေပြီ။ ခွေးများက ထိုလူအနားတွင် ဆွဲဆွဲငင်ငင်ကြီး ဟောင်နေသဖြင့် သတိပေးရန် နောက်ပြန်လှည့်မှ ထိုလူအား ကားတိုက်သွားမှန်း သိလိုက်သည်။ ဆိုင်ကယ်မှာ ဒူးကာများ ကျိုးပဲ့နေပြီး ဆိုးဆိုးရွားရွား ပျက်စီးနေကာ တိုက်ခံရသော လူမှာလည်း သတိမေ့နေသည်။ ဘယ်အချိန်က အတိုက်ခံရသည်ကိုတော့ သူလည်း အတိအကျမသိ၊ သို့သော် မျက်နှာပေါ်ရှိ သွေးများပင် ခဲနေလေပြီ... သေပြီလားဟု တွေးမိသည်။ အနားလည်း အရမ်းကြီး မကပ်ရဲ... ဆိုင်ကယ်မီး ထိုးကြည့်သည်။ ရွှေဆွဲကြိုးတစ်ကုံး ၀တ်ထားသည်။ အနွေးထည် အပေါ်ဘက်တွင် ပိုက်ဆံအိတ်ဟု ယူဆရသည့် အိတ်တစ်အိတ်ကို တွေ့သည်။

သူစဉ်းစားသည်...ရဲကို ဖုန်းဆက်ခေါ်ရမည်။ ဖုန်းက ဘက်ထရီကုန်နေသည်။ ဘယ်လိုမှ ဆက်မရ။ သို့နှင့် လာသမျှကားကို လက်တားသည်။ တစ်စီး.. နှစ်စီး ဆယ်စီးကျော်သွားပြီ...ဘယ်သူမှ ရပ်မပေး။ ဖိုးစမ်းချောင်းနားတွင် ကားအရှိန်တော့ လျှော့သွားသည်။ သို့သော် အတိုက်ခံရသော ဆိုင်ကယ်ကို မြင်သောအခါ အရှိန်မြှင့်၍ မောင်းထွက်သွားသည်။ သူဆိုင်ကယ်ကို စက်နှိုး၍ အတိုက်ခံရသော လူနားတွင် ရပ်ထားလိုက်သည်။ စိုးရိမ်သည်က တခြားမဟုတ် ထိုလူအား နောက်ထပ် ကားဖြင့် ကြိတ်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ အနည်းငယ် လမ်းလျှောက်သွားပြီးနောက် မီးလင်းနေသည့် တိုက်အိမ်တစ်အိမ်သို့ ၀င်နှိုးသည်။ ထိုအိမ်က ဘယ်သူလဲဟု မေးရာ လူတစ်ယောက် ဆိုင်ကယ် တိုက်ခံရသဖြင့် ဖုန်းတစ်ချက်လောက် ဆက်ခွင့်ပေးပါ။ ဖုန်းမရှိ လျှင် မီးပလပ်ပေါက် ခဏသုံးပါရစေ... ဖုန်းအားသွင်းရုံလေးပါဟု တောင်းပန်သည်။ တံခါးဖွင့်မပေးပါ။ ဘာတဲ့.. ကိုယ့်ပြဿနာကိုယ် ရှင်းပါလို့တောင် အပြောခံလိုက်ရသည်။ ကဲကွာ...ဟု ရေရွတ်ရင်း နောက်ထပ် ဘာမှ ဆက်မပြောမိအောင် ပါးစပ်ကို တင်းတင်းပိတ်သည်။ ဖုန်းဘက်ထရီ ဖြုတ်သည်။ ပြန်တပ် ကြည့်သည်။ အားနည်း နည်းပေါ်လာသည်။ ထုံးစံအတိုင်း ၁၈၇၆ ရတနာပုံ တယ်လီပို့ကိုသာ ဖုန်းဆက်တော့သည်။ အပိုတွေ မပြောပါနဲ့။ “အမရပူရ ရဲစခန်းဖုန်း နံပါတ်၊ ယာဉ်ထိန်းရုံး ဖုန်းနံပါတ်နဲ့ ချမ်းမြသုခ အသင်း ဖုန်းနံပါတ်ကို အမြန်ရှာပေးပါ။ သေရေးရှင်ရေး ကိစ္စမို့ပါ”ဟု ပြောရသည်။ နို့မို့ဆိုလျှင် ယင်းဖုန်းဖြေသူများက အပိုတွေ ပြောလွန်းသည်ကိုး။ ဟိုဖက်ကလည်း နားလည်ရှာသည်။ အစ်ကို... ခဏစောင့်ဟု ပြောပြီး ဖုန်းနံပါတ် ချက်ချင်းရှာပေးသည်။ တစ်မိနစ်သာ ကြာသည်။ နာရီ ကြည့်လိုက်တော့ ၁၁နာရီ ၁၆မိနစ်..တောင်မြို့ရဲစခန်း ၀၂၇၀၉၉၈သို့ ဖုန်းဆက်သည်။ ချက်ချင်း ကောက်ကိုင်သည်။ အကျိုးအကြောင်း ပြောပြတော့ ခဏစောင့်ပါ။ ယာဉ်ထိန်းရုံးနှင့် ဆိုင်သောကြောင့် မော်တော်ပီကယ်ရုံးကို ဖုန်းဆက်ပေးမည်ဟု ပြောသည်။ လူမှုကူညီရေး အသင်း ဖြစ်သော ချမ်းမြသုခ ဖုန်း ၀၂၅၉၁၆၄သို့ ဖုန်းဆက်သည်။ ချက်ချင်းလာခဲ့မည်ဟု ပြောသည်။

ထိုသို့ သူအလုပ်များနေခိုက် ကုန်တင်ကားတစ်စီး မောင်းလာသည်။ ထုံးစံအတိုင်း သူတားသည်။ မှတ်မှတ်ရရ အစီးသုံးဆယ်မြောက် မရပ်ပေးပါ... သူတားသည့် နေရာမှ တော်တော်လေး ကျော်သွားသည်။ ပြီးမှ ကားရပ်ပြီး ကားဒရိုင်ဘာနှင့် ယာဉ်အကူ သူ့ဆီပြေးလာသည်။ ဘာဖြစ်တာလဲဟု မေးပြီး ထိုလူနားတွင် နေပေးသည်။ တောင်မြို့ရဲစခန်းကို ထပ်ဖုန်းဆက်သည်။ ကားတစ်စီး ရပ်ပေးတယ်။ ဘာဆက်လုပ်ရမလဲဟု မေးရာ ခဏစောင့်ပါ...သူတို့ထွက်လာပြီဟု အကြောင်းပြန်သည်။ ခဏအကြာ ပွမ်ပွမ်ဖြင့် ချမ်းမြသုခ အရေးပေါ်တင်ကား ရောက်လာချေပြီ။ ရောက်ရောက်ချင်း လူနာတင်ကား ယာဉ်မောင်းက လူနာလဲကျနေသည့် ပုံစံကို ဖုန်းဖြင့် ဓာတ်ပုံရိုက်သည်။ ရွှေဆွဲကြိုးအစရှိသည့် ထိုလူ၏ ပစ္စည်းများကို မိမိတို့ရှေ့တွင် သက်သေယူ ဓာတ်ပုံရိုက်သည်။ ထို့နောက် မိမိနှင့်ညှိသည်။ ရဲလာလျှင် အကုန်ဖြေရှင်းပေးမည်။ လူနာအား ဆေးရုံကြီးသို့ သယ်သွားသည်မှာ အကောင်းဆုံးဟု ၀ိုင်းဝန်း သဘောတူလိုက်သည်။ ဘေးဒရိုင်ဘာက တားသည်။ မင်းအမှုပတ် လိမ့်မည်တဲ့...ကိစ္စမရှိဟု ပြောလိုက်သည်။

ထိုစဉ် ရဲတစ်ယောက် အရက်မူးပြီး ရောက်လာသည်။ အရပ်ဝတ်ဖြင့် ဆိုင်ကယ်အား ဒယိမ်းဒယိုင် မောင်းလာသည်။ မိမိတို့အား ပေါက်တက်ကရ လာမေးသည်။ လူတွေ ရုံးစုရုံးစုဖြစ်ခိုက် ယင်းအခင်း ဖြစ်နေရာ ငယ်တိုးရပ်ကွက်မှ ဆယ်အိမ်ခေါင်း စသည့်လူများ ထွက်လာသည်။ ထိုရဲက တာဝန်ဖြင့် မဟုတ်။ ဆေးခွင့်ယူထားသည်ဟု မိမိတို့ မေးမြန်းချက်အရ သိလိုက်ရသည်။ ချမ်းမြသုခမှ တာဝန်ရှိသူက ထိုရဲအား အဖက်မလုပ်၊ လူနာအား ပြုစုစရာရှိသည်ကိုသာ ပြုစုပြီး ကားပေါ်တင်သည်။ မိမိလည်း လျှိုလို့မရတော့...ဂျာနယ်တစ်ခုမှ သတင်းထောက်ပါဟု အသိပေးလိုက်သည်။ ထိုအရပ်ဝတ် နှင့်ရဲ ပြန်လှည့်သွားသည်။ အဖြစ်အပျက်ကား မြန်လွန်းပေစွ။ ငါးမိနစ်ခန့်သာ ကြာမည်။ ကျန်ခဲ့သည့် ဆိုင်ကယ်အား အုပ်ချုပ်ရေးမှူးရုံး သို့ပို့ရန် တိုင်ပင်ပြီး ထိုရပ်ကွက်မှ လူများဖြင့် တွန်းလာခဲ့သည်။ ဘီး သုံးလှိမ့်ခန့် လှိမ့်ရသေးသည်။ ဆိုင်ကယ်သုံးစီး အမြန်မောင်းလာသည်ကို တွေ့ရသည်။ မှန်ပါ့ တောင်မြို့ ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် လိုက်လာခြင်းဖြစ်သည်။ ဒုရဲအုပ်လည်းပါသည်။ တခြားအဆင့် လည်းပါသည်။ မိမိတို့အား ကောင်းကောင်းမွန်မွန်မေးသည်။ အကြောင်းစုံပြောသည်။ ဆိုင်ကယ် တူးဘောက်အား ဖွင့်ကြည့်မှ ထိုဆိုင်ကယ် အတိုက်ခံရသောသူသည်လည်း စစ်ကိုင်းမှ ရဲတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ လိုအပ်သည်များ မေးမြန်းပြီး မိမိအား ချက်ချင်း ပြန်လွှတ်လိုက်သည်။ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောသည်။ ဘေးကလူများအား နာမည်နှင့် လိပ်စာ မေးသော အခါ ပြဿနာ စလေပြီ။ ထိုလူများကား တစ်ယောက်နှင့် တစ်ယောက် နာမည် လွှဲချနေသည်။

မိမိစိတ်မကောင်းမိ။ သူတို့ကိုလည်း အပြစ်မပြောလို။ သူတို့သည်လည်း ရဲ၊ ယာဉ်ထိန်းရဲများ နှင့်ပတ်သက်၍ ဇာတ်လမ်းမျိုးစုံ ကြားဖူးပေလိမ့်မည်။ တရားရုံးနှင့် မပတ်သက်လိုသည်ကိုလည်း ကောင်းကောင်း နားလည်သည်။ မြန်မာနိုင်ငံအနှံ့တွင် သူတို့ကဲ့သို့ လူပုဂ္ဂိုလ်များ အများအပြား ရှိပါလိမ့်မည်။ လမ်းဘေးတွင် ယာဉ်မတော်တဆမှု တစ်ခုခုကြောင့် သွေးထွက်သံယိုဖြစ်ကာ ဒုက္ခ ရောက်နေသော လူများကိုတွေ့လျှင် မြန်မာ လူမျိုးတိုင်းလိုလို ကူညီချင်ကြပါသည်။ သို့သော်လည်း ယင်းသို့သော်သည် အရေးကြီးပါသည်။ ယင်းသို့သော်ကြောင့် မဆုံးရှုံးသင့်သော အသက်များစွာ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေရပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဒုက္ခရောက်နေသည့် လူတစ်ယောက်ကို ကိုယ်ရောစိတ်ပါ ကူညီရန် ဆိုသည်မှာ အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲ့သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ နောက်တစ်ချက်မှာ ပြောင်းလဲလာသော လူနေမှုစနစ်ကြောင့်လည်း ဖြစ်နိုင်သည်။ ယနေ့ မြန်မာ့လူ့ဘောင်တွင် ကိုယ်နှင့်မဆိုင်လျှင် မသိသလို နေတတ်သော၊ မသိချင်ယောင်ဆောင်နေ တတ်သည့် အကျင့်ဆိုးတစ်ခု တဖြည်းဖြည်းနှင့် အမြစ်တွယ်လာသည်ဟု သုံးသပ်လျှင် လွန်အံ့မထင်။ ထိုကဲ့သို့ နေထိုင်ရခြင်းကို အသားကျနေသော လူများကိုလည်း အပြစ်မတင်လို။ ယခင် စစ်အစိုးရ လက်ထက်တွင် ဘာသိဘာသာ မနေတတ်သူများ၊ အများအကျိုး အတွက် သူရဲကောင်း လုပ်သူများ ဒုက္ခပွေရသည်ကို ကြားရမြင်ရသည်မှာလည်း များလှပြီ မဟုတ်ပါလော။ သို့သော် စာရှုသူ သတိချပ်ပါ။ မြန်မာနိုင်ငံသည် အပြောင်းအလဲများ စတင်လုပ်ဆောင်နေသည့် နိုင်ငံတစ်ခုဖြစ်ပါသည်။ ယခင် ခေတ်ကဲ့သို့ အရာရာကို ကြောက်အားပိုကာ မဆိုင်လျှင် မျက်နှာလွှဲ မနေပါနဲ့တော့။ အင်တာနက် ခေတ်တွင် အစိုးရ၀န်ထမ်းများလည်း ယခင်ကကဲ့သို့ ခြိမ်းခြောက် မာန်မောင်းမှုများနဲ့ သွားပါချေပြီ။ အသက်တစ်ချောင်း ကယ်ကောင်းပါသည်။ လမ်းဘေးတွင် သွေးသံရဲရဲနှင့် အချိန်မီ ဆေးရုံပို့ရန် လိုအပ်နေသော လူနာတွေ့လျှင် ပစ်မထားပါနှင့်။ ထိုအသက်တစ်ချောင်း ကယ်လိုက်သောကြောင့် ရဲများက သင့်ကိုအနည်းငယ် မေးကောင်း မေးနိုင်ပါလိမ့်မည်။ ယာဉ်ထိန်းအရာရှိက ဖြစ်စဉ် ပြောကောင်း ပြောခိုင်းပါလိမ့်မည်။ အလွန့်အလွန် လိုအပ်လှပါမူ တရားရုံးတွင် အချိန်တစ်ရက်ခန့် ပေးကာ သက်သေထွက်ဆိုရကောင်း ထွက်ဆိုရနိုင်ပါသည်။ သို့သော် ထိုကဲ့သို့... ထိုကဲ့သို့သော အနည်းငယ် ကြုံတွေ့ရကောင်း၊ ကြုံတွေ့နိုင်မည့် နောက်ဆက်တွဲ ဒုက္ခများနှင့် မိမိကယ်တင် လိုက်သော လူတစ်ယောက်၏ ရရန်ခက်ခဲလှသော ဘ၀တစ်ခု ရှင်သန်သွားမည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ် ကြည့်လိုက်ပါလျှင် ထိုကိစ္စရပ်များသည် ပမွှားမျှသာ ဖြစ်ပါသည်။

ကား၊ ဆိုင်ကယ်ဈေးနှုန်းများ ကျဆင်းလာသည်နှင့်အမျှ အလွှာ ပေါင်းစုံမှ လူအသီးသီးသည်လည်း ယာဉ်များကို ပေါပေါများများ စီးလာနိုင်ကြသည်။ မန္တလေးမြို့ပေါ်တွင် ၂၀၁၃ နှစ်ကုန်ပိုင်းအထိ မှတ်ပုံတင်ထားသည့် ဆိုင်ကယ် နှစ်သိန်းခန့်၊ မော်တော်ယာဉ် ခုနစ်သောင်းခန့်ရှိသည်ဟု ကုန်းလမ်း ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းစာရင်းတွင် သောင်းနှင့် ချီရှိနိုင်သော လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၏ အရေအတွက်ပါ ထည့်ပေါင်းဖို့ လိုပါသေးသည်။ နောက်တစ်ချက်မှာ ယာဉ်မောင်းလိုင်စင် လွယ်လွယ်ကူကူ ရခြင်း၏ အကျိုးဆက် အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မသိနားမလည်စွာ မောင်းနှင် သကဲ့သို့ သိသိကြီးနှင့် မိုက်ရူးရဲဆန်ဆန် မောင်းနှင်သူ အရေအတွက်လည်း တိုးပွားလာသည်။ မိမိဘက်မှ လမ်းမှန်နည်းမှန်အတိုင်း စီးနင်းသော်လည်း စည်းကမ်းမဲ့စွာ မောင်းနှင်သူတစ်ဦးနှင့် တွေ့ဆုံမိလျှင် ယာဉ်တိုက်မှုနှင့် ကြုံတွေ့ရဖို့ လက်တစ်ကမ်း အကွာတွင် ရှိပါသည်။ ယခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း ယာဉ် တိုက်မှုပေါင်း ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ၁၃၀ ဦးရေ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကာ ၄၆ဦး သေဆုံးခဲ့သည်ဟု ကိုးလုံးတကာ ယာဉ်ထိန်းရုံးထံမှ သိရသည်။ ထို့အတူပင် ယခုနှစ် မန္တလေးသင်္ကြန်တွင်း ယာဉ်တိုက်မှု လူနာဦးရေကို ကြည့်လျှင် သင်္ကြန် လေးရက်အတွင်း ယာဉ်တိုက်မှု လူနာ ၉၀၀နီးပါး (၈၈၀)ရောက်လာ သည်ကို တွေ့နိုင်သည်။

ယင်းပမာဏမှာ ယမန်နှစ် လူနာဦးရေထက် ၂၀၀ နီးပါး ပိုသကဲ့သို့ သေဆုံးသည့် ဦးရေမှာလည်း ပိုများပါသည်။ ဆေးရုံဆေးခန်း ရောက်မလာဘဲ မန္တလေးထုံးစံအတိုင်း မိမိဘာသာ တိုးတိုးတိတ်တိတ် ကြိတ်ဖြေရှင်းကြသည့် ယာဉ်တိုက်မှုပမာဏမှာလည်း မနည်းလှပါ။ ထိုကိန်းဂဏန်းများကိုကြည့်လျှင် လမ်းပေါ်တွင် ယာဉ်စီးနင်းနေသည့် မည်သည့် ပုဂ္ဂိုလ်မဆို ယာဉ်မတော်တဆဖြစ်မှုနှင့် အချိန်မရွေး ကြုံတွေ့နိုင်သည်ဆိုသည့် အချက်အား မမေ့ထားအပ်ပေ။

ယာဉ်တိုက်မှု ဖြစ်ပွားသည်ကို တွေ့လျှင် တတ်အားသမျှ ကူညီသင့်ပြီး နီးစပ်ရာ ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ နာရေးကူညီမှုအသင်း စသည်တို့အား ဖုန်းဆက်အကြောင်း ကြားသင့်ကြောင်း၊ လူနာသွေးထွက် လွန်နေပါက သွေးတိတ်စေရန် တစ်ခုခုနှင့် စည်းနှောင်ပေးသင့်ပြီး မကြောက်လန့်စေရန် အားပေး သင့်ကြောင်း၊ ထို့အတူ မော်တော် ပီကယ်များ၊ ရဲများနှင့် ပတ်သက် ဆက်နွှယ်ရမည်ကို တွေးကြောက်ကာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရနေသူအား ပစ်မထားစေလိုကြောင်း၊ ထိုကဲ့သို့ ကူညီပေးမှုကြောင့် ရဲ၊ ယာဉ်ထိန်း တစ်စုံတစ်ဦးမှ ပြဿနာရှာပါက မိမိ ဖုန်းနံပါတ် ၀၉၂၀၀၉၃၀၆သို့ အချိန်မရွေး ဆက်ကာ အကြောင်းကြား စေလိုကြောင်း၊ အခင်းဖြစ်ပွားရာ ဒေသရှိ လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ချိတ်ဆက်ကာ ယင်းကဲ့သို့ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြေရှင်း ပေးသွားမည်ဟု အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက အတည်ပြု ပြောကြားပါသည်။ မိမိတို့အနေဖြင့် မိမိမြို့နယ် မဲဆန္ဒနယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ယခုထက်ပို၍ အလုပ်ပေးရန်၊ အသိပေးရန်၊ အပူကပ် ရလိုပါသည်။ ၄င်းတို့ကလည်း ကူညီရန် အသင့်ရှိကြပါသည်ဟု ပြောလိုပါသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများအား ကူညီပြီး ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးသည့် ပြည်သူများ၊ ယာဉ်မောင်း ပိုင်ရှင်များအား အခင်းဖြစ်ပွားသည့် နေရာတွင်သာ မေးမြန်းလေ့ရှိပြီး ယာဉ်ထိန်းရုံး၊ ရဲစခန်း၊ တရားရုံးစသည်များသို့ ဆင့်ခေါ်မေးမြန်းမှု ပြုလုပ်လေ့ မရှိပါကြောင်း၊ အမှားအမှန် ခွဲခြားရန် ခဲယဉ်းသည့် အမှုမျိုးအား တရားတဘောင် ရင်ဆိုင်ရသည့် အခါမှသာ မျက်မြင်သက်သေများကို တရားရုံးသို့ တစ်ကြိမ်မျှ ရုံးချိန်း ခေါ်ကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ သက်သေကို ရုံးခေါ်သည့်ကိစ္စများမှာ ရှားပါးလှသည်ဟု မန္တလေးမြို့ ကိုးလုံးတကာ ယာဉ်ထိန်းရုံးမှ ယာဉ်ထိန်း အရာရှိ တစ်ဦးက ပြောသည်။

“ဒဏ်ရာ မကြီးကျယ်ဘူးဆိုရင်တော့ တာဝန်ရှိသူ တစ်ဦးဦး လာတဲ့အထိ စောင့်ပေးသင့်ပါတယ်။ ဒဏ်ရာက သွေးထွက် အရမ်းလွန်နေပြီး ဆေးရုံကို အမြန်ဆုံးပို့သင့်တဲ့ အခြေအနေဆိုရင်တော့ ကျွန်တော်တို့ကို ဖုန်းဆက် အကြောင်းကြားပြီး လူနာတင်ကားနဲ့ ပို့သင့်ပါတယ်။ အခင်းဖြစ်နေရာကို ဓာတ်ပုံလေး ရိုက်ထားနိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ၄င်းအရာရှိမှ အကြံပြုသည်။

ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနအောက်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းများတွင် စစ်ဆေး ကုသပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပို့ဆောင်ပေးရပါကြောင်း၊ အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့ဝင်များ မရောက်ရှိသေးမီမှာ လူနာ၏ အသက်အန္တရာယ် ဘေးကင်းရေး အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင် ကုသပေးရပါကြောင်း၊ ဒဏ်ရာမှာ ကြီးကျယ်ပြီး သေမည်/ ရှင်မည်ကို မသိနိုင်သည့်အခါ လူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ရန်လည်း အခက်အခဲ ရှိသည့်အခါ အခင်းဖြစ်ပွားရာ အရပ်တွင် လက်မှတ်ရ ဆရာဝန် သို့မဟုတ် ကျန်းမာရေးမှူး ရှိလျှင် ၄င်းတို့ကို လူနာအား အရေးပေါ် ကုသပေးရန် တောင်းဆိုရမည်။ ထို့နောက် ယင်းလူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း စသည်တို့ကို ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းမှ ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကို၏ အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြန်လှန်ဖြေကြားခဲ့ သော်လည်း အပြင်တွင်မူ ထိုသို့ လုပ်ဆောင်ရန် ခဲယဉ်းတုန်းပင် ဖြစ်သည်။

ကိုယ်ရည်သွေးသည်ဟုပြောလျှင် ခံပါမည်။ မိမိအနေဖြင့် ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွင်းမှာပင် ယာဉ်တိုက်မှုဖြစ်ကာ ဒဏ်ရာရနေသော လူများအား ၀င်ရောက် ထူမပေးခြင်း၊ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်း၊ ယာဉ်ထိန်းရဲသို့ ဖုန်းဆက် အကြောင်းကြားပေးခြင်းတို့အား ကြုံလျှင်ကြုံသလို လုပ်ဆောင်ခဲ့သည်မှာ ခြောက်ဦး၊ ခုနစ်ဦးခန့် ရှိလာပြီဖြစ်သည်။ ယနေ့အချိန်ထိ မည်သည့် ယာဉ်ထိန်းရဲကမှ စခန်းသို့ ခေါ်ယူ စစ်ဆေးခြင်းမရှိပါ။ လုပ်ထုံးလုပ် နည်းအတိုင်း မိမိနာမည်၊ လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကိုသာ တောင်းယူခြင်းတော့ ရှိပါသည်။ ကျန်သည့် နောက်ဆက်တွဲ ပြဿနာ အရှုပ်အရှင်း ဘာတစ်ခုမှ မကြုံရသေးပါချေ။ ၀န်ခံရလျှင် မိမိကြောင့်လည်း ဆိုင်ကယ်တိုက် ခံရသည့် လူနာတစ်ဦး ပိုက်ဆံအိတ် ပျောက်ဖူးပါသည်။ သို့သော်လည်း ယင်းလူနာ သတိရလာသောအခါ မိမိကို အပြစ်လုံးဝမဆိုပါ။ သူ့အသက်ရှင်သည့် အတွက်သာ ထပ်ခါ ထပ်ခါ ကျေးဇူးတင် စကားဆိုပါသည်။

သေချာ စဉ်းစားကြည့်လျှင် မည်သူမဆို ပစ္စည်းပစ္စယထက် သူ့အသက်ကိုသာ နှမြောမည် ဖြစ်ပါသည်။ စေတနာ အရိုးခံဖြင့် ကူညီသောကြောင့် တစ်စုံတစ်ခု လွဲချော်သွားလျှင်လည်း ပစ်ပစ်ခါခါပြောမည် မဟုတ်ပါ။ မိမိကတော့ ရှင်းသည်။ ပြောလျှင်လည်း ခေါင်းငုံ့ခံပါမည်။ ထိုကဲ့သို့ အပြောခံရခြင်းထက် အသက်တစ်ချောင်း ကယ်လိုက်ရသော ကုသိုလ်အကျိုးကို ဗုဒ္ဓဘာသာ တစ်ဦးပီပီ ပိုတန်ဖိုးထားပါသည်။ တကယ်တော့ သူ့အနေဖြင့်လည်း ယခုကဲ့သို့ ကူညီခဲ့သည်မှာ သိပ်တော့ မကြာသေးပါ။ သူနှင့် ကျောင်းနေဘက် သူငယ်ချင်းတစ်ဦး ယမန်နှစ် ၀ါဆိုလပြည့်နေ့တွင် ပြင်ဦးလွင် ခြောက်ထပ်ကွေ့ အနီး၌ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရာမှ သွေးလွန်ကာ သေဆုံးရှာသည်။ အသက် ၂၀ကျော်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသား လူငယ်တစ်ဦး ဖြစ်ပါသည်။ ယင်းနေ့တွင် မန္တလေး-ပြင်ဦးလွင် လမ်းတစ်လျှောက် သွားလာနေသည့် ဆိုင်ကယ်၊ ကားအစင်းများစွာ ရှိသော်လည်း တာဝန်သိသိဖြင့် ၀င်ရောက် ကူညီကာ ဆေးရုံပို့ပေးမည့် ပြည်သူ တစ်ဦးရဖို့ အတွက် အချိန်များစွာ စောင့်လိုက်ရသောကြောင့် ယခုကဲ့သို့ ကြွေလွင့်သွားရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ကြုံတွေ့ရပြီးနောက် မိမိသူငယ်ချင်းကဲ့သို့ အဖြစ်ဆိုးများ အခြားလူများလည်း မကြုံတွေ့စေချင်သော စေတနာဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ စာရှုသူများကိုလည်း တစ်ခု တောင်းဆိုချင်ပါသည်။ ဟုတ်ကဲ့...ကျေးဇူးပြု၍ ပစ်မထားပါ နှင့်ခင်ဗျား...။ ။

ဖိုးစမ်းချောင်း(GG)

http://tomorrow.com.mm/?q=articles%2F703