တရားရုံးသို့ ချုပ်မိန့်ရီမန် သွားရောက်တောင်းခံရာမှ မူးယစ်ဆေးဝါး အချုပ်သားတစ်ဦး ထွက်ပြေးလွတ် မြောက်

ပို့စ်တင်ချိန် - 5/31/2014 08:29:00 AM


သတင်း၊ ကိုတိုးကြိး
ကလေး၊ မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊မြောက်စည်းကျေးရွာ၊ မြောက်စည်းနယ်မြေရဲစခန်းမှ မူးယစ်ဆေး ၀ါး အချုပ်သားတစ်ဦးကို ဆက်လက်ချုပ်နှောင်ထားရန် တရားရုံးသို့ ချုပ်မိန့်ရီမန်သွားရောက်တောင်းခံရာမှ အဆိုပါအချုပ်သားသည် ရဲလက်မှထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဖြစ်စဉ်တစ်ရပ်အား မေလ ၂၈ ရက် နေ့ မနက် ၉ နာရီခွဲအချိန်က ကလေးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရဲလက်မှ ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်ဆေးဝါးအမှု အချုပ်သားသည် ကလေးမြို့နယ်၊ ဟဲလုပ် ကျေးရွာနေ ကိုထွန်းခင် အသက်(၃၁)နှစ် ဆိုသူဖြစ်သည်။ ထိုသူအား မေလ ၂၈ ရက်နေ့မနက် ၆ နာရီအ ချိန်က ကလေးမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကိုယ်ပိုင်အမှတ် လ/ ၁၂၃၄၅၆ ရဲအုပ် သိန်းဆောင်နှင့်အဖွဲ့မှ ဘိန်းဘဲဟုယူဆရသော အမဲရောင်အစေးအချိန်(၅)ဂရမ်နှင့်အတူ လက်ရဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။
ထို့နောက် မြောက်စည်းနယ်မြေရဲစခန်း၌ ထိုသူအား အမှုဖွင့်တိုင်တန်းခဲ့ရာ မြောက်စည်းရဲစခန်းက မူးယစ် (ပ) ၄/၂၀၁၄ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က) အရ မနက် ၈ နာရီခွဲအချိန်တွင် အမှုရေးဖွင့်ခဲ့ကြောင်း သိရ သည်။
မူးယစ်ဆေးဝါးအမှုဖြင့် ထိုသူအား ချုပ်နှောင်ထားရှိရန် မြောက်စည်းနယ်မြေရဲစခန်းမှ ကလေးမြို့နယ်တရား သို့ ချုပ်မိန့်ရီမန်သွားရောက်တောင်ခံခဲ့ရာ မြောက်စည်နယ်မြေရဲစခန်းမှ ကိုယ်ပိုင်အမှတ် လ/၂၂၂၄၉၂ ဒုရဲ အုပ် ရဲစိုးမိုးနှင့် အဖွဲ့က အချုပ်သားလုံခြုံရေး တာဝန်များကို လိုက်ပါဆောင်ရွက်ခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။
အချုပ်သားဖြစ်သူနှင့် အချုပ်သားလုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်သုံစီးဖြင့် ကလေးမြို့ သို့သွားရောက်စဉ် လက်ထိပ်၊ သံကြိုးများဖြင့် အချုပ်သားအား ခိုင်ခန့်စွာ ချုပ်နှောင်၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ အချုပ်သား ကိုထွန်းခင် ဆိုသူသည် မူးယစ်ဆေးဝါးအမှုဖြင့် ပါဝင်ဆက်နွယ်နေသူ ကွင်းဆက် တရားခံ ကိုဝင်းနိုင်ဆိုသူမှာ အောင်ချမ်းသာကျေးရွာ၌ နေထိုင်ကြောင်း၊ ယခုဖမ်းဆီးမည်ဆိုလျင် ရရှိနိုင် ကြောင်း အချုပ်သားလုံးခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံပြောပြခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးကွင်းဆက် တရားခံ ဖော်ထုတ်ဖမ်းဆီးရရှိမိရေးအတွက် အချုပ်သား လုံးခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များသည် အောင်ချမ်းသာကျေးရွာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် နေအိမ်သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါ နေအိမ်တွင်ရှိ ခုံတန်းလျာပေါ်တွင် အချုပ်သား ကိုထွန်းခင်အား ခုံတန်းလျားဘောင်နှင့်တွဲလျက် လက်ထိပ်ခတ်ထားခဲ့ပြီး ဒုရဲအုပ် ရဲစိုးမိုးနှင့်အဖွဲ့မှ ကွင်းဆက် မှုးယစ်တရားခံ ဖမ်းဆီးရန်သွားရောက်ခဲ့ကြ သည်။ ထိုအချိန်တွင် အချုပ်သားစောင့်ရန် ရဲတပ်ကြပ်ကြီး အောင်နိုင်လင်း ဆိုသူအား အစောင့်ချထားခဲ့ သေးကြောင်း သိရသည်။
၎င်း အချိန်တွင် အချုပ်သား ကိုထွန်းခင် ဆိုသူမှ အိမ်သာတက်လိုကြောင်း ပြောပြသဖြင့် အစောင့်တာဝန် ကျ ရဲတပ်ကြပ်ကြီးမှ သံကြိုးခတ်၍ လိုက်ပို့ခဲ့ရာ မိနစ်အနည်းမျှ အကြာတွင် အချုပ်သားမှ အိမ်သာတံခါး အား စောင့်ကန်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ရဲလက်မှ ချုပ်နှောင်ထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ဒေသခံပြည် သူလူထုနှင့်အတူ ဒုရဲအုပ် ရဲခိုးမိုးနှင့်အဖွဲ့က လိုက်လံရှာဖွေလျက်ရှိရာ မနေ့က ညနေ ၄ နာရီခွဲအချိန်ထိ စခန်းသို့ပြန်လည်ရောက်ရှိလာခြင်းမရှိသေးကြောင်း မြောက်စည်းနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြားသည်။
အဆိုပါ မူးယစ်ဆေးဝါး အချုပ်သား ထွက်ပြေးလွတ်မြောက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ အချုပ်သားလုံ ခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်လေးဦးအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးထံမှ သိရှိရသည်။

ကိုတိုး ချင်းတွင်း