နိုင်ငံရေးဆွေးနွေးပွဲကတဆင့် အခြေခံဥပဒေပြင်ဖို့ သမ္မတအကြံပြု

ပို့စ်တင်ချိန် - 5/31/2014 11:50:00 PM


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေရရှိတဲ့ သဘောတူညီချက်တွေပေါ် မူတည်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရေးသားတာတွေ ပြုလုပ်သင့်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ တိုင်းပြည်ကို လစဉ်ပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတက အခုလို အကြံပြုလိုက်တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲမျိုးမှ ပေါ်ပေါက်လာသော သဘောတူညီချက်များအပေါ် မူတည်ြပီ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်"

ဒါ့အပြင် ဖွဲ့စည်းပုံကို နိုင်ငံရေးမှာပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမှု၊ ဥာဏ်ပညာကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတွေနဲ့သာ ပြင်ဆင်သင့်ကြောင်းနဲ့  မည်သည့်နိုင်ငံသား တိုင်းရင်းသားတွေကိုမှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်ထားတာ မဖြစ်စေလိုကြောင်း၊ ဒါပေမယ့် အမျိုးသား အကျိုးစီးပွား နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးရေး အကာအကွယ်ပေးနိုင်တဲ့ အခြေခံတွေရှိဖို့ လိုအပ်ကြောင်းလည်း သမ္မတက ထည့်သွင်းပြောသွားခဲ့ ပါတယ်။

RFA Burmese